← Zechariah (7/14) → |
1. | ဒါရိမင်းကြီးနန်းစံလေးနှစ်၊ ခိသလုမည်သော နဝမလလေးရက်နေ့တွင်၊ |
2. | ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှါ၎င်း၊ |
3. | နှစ်ပေါင်းများစွာပြုသကဲ့သို့ ပဉ္စမလတွင် ငိုကြွေး၍ ခြိုးခြံစွာ ကျင့်ရပါမည်လောဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အိမ်တော်၌ရှိသော ယဇ် ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှါ ၎င်း၊ ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူတို့လူများကို ဘုရား သခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊ |
4. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါဇာခရိသို့ ရောက်လာ၍၊ |
5. | ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သား အပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ် ပတ်လုံး သင်တို့သည် ပဉ္စမလနှင့် သတ္တမလတွင် အစာ ရှောင်၍ ငိုကြွေးမြည်တမ်းသောအခါ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော။ |
6. | စားသောက်သောအခါ၌လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော။ |
7. | ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ ပတ်လည်၌ ရှိသောမြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသော အရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော် ပြည့်စုံပြီမဟုတ်လောဟု မိန့်တော်မူ၏။ |
8. | ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ဇာခရိသို့ ရောက်လာသည်ကား၊ |
9. | တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့် တယောက်ကို တယောက် ကျေးဇူးပြုကြလော့။ |
10. | မိဘမရှိသောသူ၊ မုတ်ဆိုးမ၊ တကျွန်းတနိုင်ငံ သား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တယောက်ကို တယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသော် လည်း၊ |
11. | သူတို့သည် နားမထောင်ဘဲလွတ်အောင် ရုန်းကြ ၏။ မကြားစေခြင်းငှါ နားကို ပိတ်ကြ၏။ |
12. | တရားစကားကို၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသောစကားကို၎င်း သူတို့သည် မကြားစေ ခြင်းငှါ၊ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလွန်အမျက်ထွက်တော်မူ၏။ |
13. | ငါဟစ်ခေါ်၍ သူတို့သည် နားမထောင်သကဲ့သို့၊ တဖန် သူတို့သည် ဟစ်ခေါ်၍ ငါလည်း နားမထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ၏။ |
14. | သူတို့မသိသော လူမျိုးအပေါင်းတို့တွင် လေဘွေ တိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့်၊ သူတို့ ပြည်သည် လူဆိတ် ညံလျက်ရှိ၍ အဘယ်သူမျှ မသွားမလာ။ သာယာသော ပြည်သည် သုတ်သင်ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ၏။ |
← Zechariah (7/14) → |