← Revelation (9/22) → |
1. | ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌အနက်ဆုံးသော တွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊ |
2. | သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်း ထဲက တက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။ |
3. | ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍ မြေကင်းမြီးကောက်တန်ခိုးကဲ့သို့သော တန်ခိုးကိုရကြ၏။ |
4. | မြေ၏မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ဘုရားသခင် ၏ တံဆိပ်ခတ်ခြင်းကို မခံသော လူတို့ကိုညှဉ်းဆဲမည် အကြောင်းသူတို့အား ပညတ်ထား၏။ |
5. | တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါးလပတ်လုံး ပြင်းစွာသော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ဖြစ်သတည်း။ |
6. | ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။ |
7. | ထိုကျိုင်းကောင်တို့၏ အဆင်းသဏ္ဍန်သည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဍာန် နှင့်တူ၏။ ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည်လူမျက်နှာကဲ့သို့ဖြစ်၏။ |
8. | ဆံပင်သည်မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ်၏။ |
9. | ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။ |
10. | အမြီးသည် ကင်းမြီးကောက်နှင့်တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။ |
11. | သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍၎င်း၊ ဟေလသဘာသာအားဖြင့် အပေါ လျုန်ဟူ၍၎င်း ခေါ်ဝေါ်သော အနက်ဆုံးသောတွင်း တမန်ဖြစ်၏။ |
12. | အမင်္ဂလာတပါးလွန်ပြီ။ ထိုနောက်မှ အမင်္ဂလာ နှစ်ပါးလာလေဦးမည်။ |
13. | ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင်ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲက ထွက်သော အသံကား၊ |
14. | ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အားဆိုသည်ကို ငါကြား၏။ |
15. | ထိုအခါ လူသုံးစုတစုကို အသေသတ်ခြင်းငှါ။ တနာရီ၊ တရက်၊ တလ၊ တနှစ် အဘို့ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။ |
16. | မြင်းစီးသူရဲတို့၏ အရေအတွက်ကား ၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။ |
17. | ထိုအတူဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကို၎င်း၊ ကန့်၊ မီး၊ ဝှါကိန္တုကျောက်နှင့်ပြီးသော ရင်အုတ် တန်ဆာရှိသော မြင်းစီးသူရဲတို့ကို၎င်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည်ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်း ထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။ |
18. | သူတို့၏ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစု သေကြ၏။ |
19. | အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌၎င်း၊ အမြီး၌၎င်းတည်၏။ အမြီးသည် ခေါင်းနှင့် ပြည့်စုံ၍ မြွေနှင့်တူ၏ ။အမြီးအားဖြင့်ညှင်းဆဲတတ်ကြ၏။ |
20. | ထိုဘေးဒဏ်ကြောင့် မသေဘဲကြွင်းသော လူတို့သည် နတ်တို့ကို၎င်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကို၎င်း မကိုးကွယ်ဘဲ နေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တမရဘဲနေကြ၏။ |
21. | ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း၊ သူတပါးကိုပြုစားခြင်း ၊ မတရား သောမေထုန်၌မှီဝဲခြင်း ၊ သူ့ဥစ္စာကိုခိုးခြင်း ၊ အမှုများကို လည်း နောင်တမရဘဲနေကြ၏။ |
← Revelation (9/22) → |