← Revelation (18/22) → |
1. | ထိုနောက်မှ ကောင်းကင်တမန် တပါးသည် ကြီးစွာသော တန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။ |
2. | သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။ |
3. | အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။ |
4. | အခြားသော ကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။ |
5. | သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရား သခင် သတိရတော်မူပြီ။ |
6. | သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဘို့ နှစ်ဆတိုး၍ လောင်းကြလော့။ |
7. | သူသည်ကိုယ်ကို ချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ ပြင်းစွာသော ဆုံးမခြင်း၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဖုရားဖြစ်၏။ မုတ်ဆိုးမ မဟုတ်။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။ |
8. | ထိုကြောင့်၊ သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များ တို့နှင့် တနေ့ခြင်းတွင်တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသည် ခွန်အားဗလကြီးတော်မူ၏။ |
9. | မတရားသောမေထုန်ကို သူနှင့်ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည်၊ သူကျွမ်း လောင်ရာ မီးခိုးကို မြင်သောအခါ၊ |
10. | သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ |
11. | လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား ၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊ |
12. | ရွှေ၊ငွေ ၊ ကျောက်ကောင်း ၊ ပုလဲ ၊ ပိတ်ချော ၊ ကတ္တီပါ ၊ ဖဲ၊ ပုဆိုးနီ ၊ အမျိုးမျိုးသောသွိန်သစ်သား၊ အမျိုးမျိုးသောဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်း တန်ဆာ၊ ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူ တန်ဆာ၊ |
13. | သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံကျွန် ၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တဖန်မဝယ်ရ။ |
14. | သင်သည် အလွန်တပ်မတ်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ ဆူဖျိုးသောအရာ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တဖန် မတွေ့ရ။ |
15. | သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ |
16. | ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကို ဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး၊ |
17. | ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တနာရီခြင်းတွင် ပျက်စီးပါပြီတကားဟု ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ်၍ |
18. | သူကျွမ်းလောင်ရာမီးခိုးကိုမြင်လျှင်၊ ထိုမြို့နှင့် အဘယ်မြို့ တူသနည်းဟူ၍၎င်း၊ |
19. | ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူး သော သင်္ဘောကို ပိုင်သော သူအပေါင်းတို့အား ကိုယ် စည်စိမ်ကိုပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တနာရီ ခြင်းတွင် ပျက်စီးပါပြီ တကားဟူ၍၎င်း အော်ဟစ်လျက်၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ |
20. | ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော် ပရောဖက်တို့၊ သူကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍၊ သူ့ကို တရားစီရင် တော်မူပြီဟု ပြောဆိုသည်ကို ငါကြား၏။ |
21. | ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တဖန် မပေါ်မရှိရ။ |
22. | စောင်းသမား၊ အငြိမ့်သမား၊ ပုလွေသမား၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန်မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမား တို့တွင် တယောက်မျှ သင့်အထဲ၌ နောက်တဖန် မပေါ် မရှိရ။ ကြိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။ |
23. | ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြ ပြီဟု ကောင်းကင်တမန် ပြောဆို၏။ |
24. | ပရောဖက်တို့၏ အသွေး၊ သန့်ရှင်းသူတို့၏ အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့၏ အသွေးကို ထိုမြို့၌တွေ့၏။ |
← Revelation (18/22) → |