← Revelation (17/22) → |
1. | ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တပါးသည်လာပြီးလျှင် ၊ ငါ့ကိုနှုတ်ဆက် ၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။ |
2. | လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊ |
3. | ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသော သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတဦးကို ငါမြင်၏။ |
4. | ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲ တန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုတ်ရွံ့ရှာဘွယ်သော အရာနှင့်၎င်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။ |
5. | နဖူး၌အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသော အရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ ၊ မြေ၌ စက်ဆုပ်ရွံ့ရှာဘွယ်သော အရာတို့၏ အမိပေတည်း။ |
6. | ထိုမိန်းမသည် သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော၍ နေ၏။ |
7. | ကောင်းကင်တမန်ကလည်း၊ အဘယ်ကြောင့် အံ့ဩသနည်း။ ထိုမိန်းမ၏ နက်နဲသော အရာကို၎င်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သော သားရဲ၏ နက်နဲသောအရာကို၎င်း၊ ငါပြော မည်။ |
8. | ယခုမြင်သော သားရဲသည် ဖြစ်ဘူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသော တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတံ့သောသားရဲကို မြင်ရသောအခါ၊ အံ့ဩကြလိမ့်မည်။ |
9. | ဤအရာ၌ ပညာနှင့်ပြည့်စုံသော ဉာဏ်ရှိ၏။ ခေါင်းခုနစ်လုံးကား၊ မိန်းမထိုင်သော ထောင်ခုနစ်လုံး ဖြစ်၏။ |
10. | ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ်၏။ ငါးပါးကျပြီး၊ တပါးရှိသေး၏။ တပါးဖြစ်လေဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။ |
11. | ဖြစ်ဘူး၍ ဖြစ်ဆဲမရှိသောသားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ်၏။ ခုနစ်ပါးအဝင်လည်း ဖြစ်၏။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။ |
12. | ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင် ဘုရင်၏ အာဏာစက်ကို သားရဲနှင့်အတူ တချက်တည်း ရကြလိမ့်မည်။ |
13. | ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုး အာဏာစက်ကို သားရဲ၌ အပ်ပေးကြလိမ့်မည်။ |
14. | သူတို့သည် သိုးသငယ်ကို စစ်တိုက်၍ သိုးသငယ်သည် နိုင်တော်မူမည်။ အကြောင်းမူကား၊ သိုး သငယ်သည် သခင်တို့၏သခင် ဘုရင်တို့၏ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်နှင့် အတူရှိသော သူတို့သည် လည်း ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူ၊ သစ္စာရှိသောသူ ဖြစ်ကြ၏။ |
15. | ယခုမြင်၍ ပြည်တန်ဆာထိုင်သော ရေကား၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း။ |
16. | ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့် မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။ |
17. | သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုခြင်းငှါ၎င်း၊ နှုတ်ကပတ်တော်မပြည့်စုံမှီတိုင်အောင် သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌ အပ်ပေးခြင်းငှါ၎င်း၊ ဘုရားသခင်သည် သူတို့၌ အကြံပေးတော်မူ၏။ |
18. | ယခုမြင်သော မိန်းမသည်လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်းဟု ကောင်းကင်တမန် ပြောဆို၏။ |
← Revelation (17/22) → |