← Revelation (13/22) → |
1. | ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲ တကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌ လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။ |
2. | ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့် တူ၏။ သူ၏ခြေသည် ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည် လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း သားရဲ၌ အပ်ပေး၏။ |
3. | သားရဲ၏ ခေါင်းတလုံးသည် သေအောင်ကွပ်မျက်ပြီးသကဲ့သို့ ဖြစ်၍၊ သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့ လိုက်၍ အံ့ဩကြ၏။ |
4. | ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသော နဂါးကို ကိုးကွယ်ကြ၏။ သားရဲကိုလည်း ကိုးကွယ်၍၊ အဘယ်သူသည် သားရဲနှင့်တူသနည်း။ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ၏။ |
5. | ထိုသားရဲသည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း၊ ပြော တတ်သော နှုတ်နှင့်ပြည့်စုံ၍၊ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသောအခွင့်ကိုရ၏။ |
6. | ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း၊ ပြစ်မှားခြင်းငှါ နှုတ်ကို ဖွင့်ထား၏။ |
7. | သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့် ကိုရ၏။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ရ၏။ |
8. | ကွပ်မျက်သောသိုးသငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏။ |
9. | နားရှိသောသူမည်သည်ကား ကြားပါစေ။ |
10. | သူတပါးကို ဘမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ထားဖြင့် သတ်တတ်သော သူသည်လည်း ကိုယ်တိုင် ထားဖြင့်သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့လည်း သည်းခံစရာ အကြောင်း၊ ယုံကြည်စရာအကြောင်းရှိ၏။ |
11. | အခြားသော သားရဲတကောင်သည်၊ သိုးသငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီးထဲက ထွက်သည်ကို ငါမြင်၏။ |
12. | ထိုသားရဲသည် သူ့အရင်ဖြစ်သော ပဋ္ဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဋ္ဌမသားရဲကို မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု၏။ |
13. | ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်းပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကို ဆင်းစေ၏။ |
14. | ပဌမသားရဲရှေ့၌ ပြပိုင်သောနိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ထားနှင့် ခုတ်သောဒဏ်ချက်ကို ခံရ၍ အသက်ရှင်သေးသော သားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှါ မြေကြီးသားတို့ကို မှာထား၏။ |
15. | သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့်၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ၏။ |
16. | ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံ ရသောသူ ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊ |
17. | ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။ |
18. | ဤအရာ၌ပညာရှိ၏။ ဉာဏ်ရှိသောသူသည် သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေ အတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။ |
← Revelation (13/22) → |