← Revelation (12/22) → |
1. | ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား၊ မိန်းမတဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက်ပေါ်လာ၏။ |
2. | ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဘွားအံ့သော ဝေဒနာပြင်းသောကြောင့် အော်ဟစ်လေ၏။ |
3. | ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူ ခုနစ်ဆူကို ဆောင်းလျက်ရှိ၏။ |
4. | သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဘွားလုသော မိန်းမသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။ |
5. | ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့၎င်း ၊ ပလ္လင်တော်သို့၎င်း ချီယူတော်မူ၏။ |
6. | မိန်းမသည် အရက်တထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အ ကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ |
7. | ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။ |
8. | ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း၊ |
9. | သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ချလိုက်ကြ၏။ |
10. | ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။ |
11. | သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ |
12. | ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။ |
13. | ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။ |
14. | မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဘက်ကို ရလေ၏။ |
15. | ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိခံတွင်းထဲက မြေရေစီးသကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။ |
16. | မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သော မြစ်ရေ ကို မျိုလေ၏။ |
17. | နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။ |
← Revelation (12/22) → |