← Psalms (18/150) → |
1. | အိုထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အားဗလ တည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။ |
2. | ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏ အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။ |
3. | ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက်၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက်၏။ |
4. | သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။ |
5. | မရဏာနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍၊ သေမင်း၏ ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက် ရှိ၏။ |
6. | ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရ ဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။ |
7. | ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ၏။ |
8. | နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော် ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။ |
9. | မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက် တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ ၏။ |
10. | ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ် မှာလျင်စွာ ပျံတော်မူ၏။ |
11. | မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တခဲနက် သောရေနှင့်ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော် ကို ကာရံလျက်ရှိကြ၏။ |
12. | ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။ |
13. | ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။ |
14. | လေးမြှားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေ သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။ |
15. | ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူ သောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက် မြစ်တို့သည်ပွင့်လစ် ထင်ပေါ်လျက်ရှိကြ၏။ |
16. | ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့်၍၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ၏။ |
17. | ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင် နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ |
18. | ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည်ငါမှီခိုရာဖြစ်၍၊ |
19. | ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။ |
20. | ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရ ဘုရားသည် အကျိုးကို ပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။ |
21. | အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၏မသွား။ |
22. | စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့တော်တို့ကို မပယ်၊ |
23. | ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ် ရှောင်၏။ |
24. | ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ၏ ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရားသည် ငါ၌ အကျိုးကို ပေးတော်မူပြီ။ |
25. | သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊ |
26. | သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘော ကို၎င်း၊ ဆန့်ကျင်သော သူအားဆန့်ကျင်သောသဘော ကို၎င်း ပြတော်မူ၏။ |
27. | နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချ တော်မူ၏။ |
28. | အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ |
29. | အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍၊ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ။ |
30. | ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။ |
31. | ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း။ |
32. | ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏။ |
33. | ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။ |
34. | ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ၍၊ ကြေးဝါးလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။ |
35. | ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်း လွှားကို အပ်၍၊ လက်ျာလက်တော်အားဖြင့် မစတော် မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ။ |
36. | အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊ |
37. | အကျွန်ုပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့်၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် မပြန်ပါ။ |
38. | သူတို့သည် အကျွန်ုပ်ခြေအောက်မှာ လဲလျက် ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပါ၏။ |
39. | အကြောင်းမူကား၊ စစ်တိုက်ခြင်းငှါ ကိုယ် တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။ |
40. | အကျွန်ုပ်ကို မုန်းသောရန်သူတို့၏ လည်ပင်းကို အကျွန်ုပ်၌ အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော် မူ၏။ |
41. | သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင် သောသူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။ |
42. | ထိုအခါအကျွန်ုပ်သည် သူတို့ကို လေတိုက်သော မြေမှုန့်ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကို ကဲ့သို့ သွန်ပစ်လေ၏။ |
43. | လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။ |
44. | အကျွန်ုပ်စကားသံကို ကြားသည်ခဏခြင်းတွင် နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။ |
45. | ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန် လှုပ်လျက် ထွက်ကြပါ၏။ |
46. | ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။ |
47. | ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ |
48. | ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကိုမြှောက်တင်၍၊ လုယူဖျက်ဆီးတတ် သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။ |
49. | ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်။ |
50. | ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကို ခံရသော ဒါဝိဒ်မှမစ၍ အမျိုးအနွယ်အား ကာလအစဉ် အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။ |
← Psalms (18/150) → |