← Leviticus (20/27) → |
1. | တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊- |
2. | ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။ |
3. | ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။ |
4. | မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊- |
5. | ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၍ မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။ |
6. | လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။ |
7. | သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍၊ သန့်ရှင်းခြင်းရှိကြလော့။ |
8. | ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်၏။ |
9. | မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။ |
10. | သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ |
11. | ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။ |
12. | ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။ |
13. | မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။ |
14. | ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။ |
15. | ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည်။ |
16. | မိန်းမသည်လည်း၊ မိမိနှင့်တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။ |
17. | ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။ |
18. | ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။ |
19. | အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။ |
20. | အဘ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံးသားမရဘဲ နေရလိမ့်မည်။ |
21. | ညီအစ်ကို၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။ |
22. | သင်တို့ကို ငါ ပို့ဆောင်၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။ |
23. | သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့ မလိုက်ရ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။ |
24. | သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှါ ငါအပိုင်ပေး မည်ဟု ငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။ |
25. | ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ။ |
26. | ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ်၍၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဘို့ သန့်ရှင်းခြင်းရှိရကြမည်။ |
27. | ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။ |
← Leviticus (20/27) → |