← Leviticus (19/27) → |
1. | တဖန်မောရှေအား ထာဝရဘုရားက၊ |
2. | သင်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။ |
3. | လူတိုင်း ကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ |
4. | ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဘို့သွန်းသော ဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ |
5. | မိဿဟာယယဇ်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။ |
6. | ပူဇော်သောနေ့နှင့် နက်ဖြန်နေ့၌ စားရမည်။ သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည်။ |
7. | သန်ဘက်နေ့၌ အနည်းငယ်ကိုမျှ စားလျှင် ရွံရှာဘွယ်ဖြစ်၏။ စိတ်တော်နှင့်မတွေ့။ |
8. | စားသောသူသည် ထာဝရဘုရား၏ သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကို ခံရမည်။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။ |
9. | ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။ |
10. | ကိုယ်စပျစ်သီးကိုလည်း အကုန်အစင် မသိမ်းရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မဆွတ်ရ။ ထိုအသီးကို ဆင်းရဲသောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ |
11. | သူ့ဥစ္စာကို မခိုးရ။ သူတပါးကို မလှည့်စားရ။ တယောက်ကိုတယောက် မုသာစကားမပြောရ။ |
12. | ငါ့နာမကို တိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကို မပြုရ။ သင်၏ ဘုရားသခင်နာမကို မရှုတ် မချရ။ ငါသည် ထာဝရဘုရား ဖြစ်၏။ |
13. | ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့် မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ။ |
14. | နားပင်းသော သူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ |
15. | တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။ |
16. | သူ့အသရေပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည် ထာဝရဘုရား ဖြစ်၏။ |
17. | သင်၏ ညီအစ်ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့် စပ်ဆိုင်သော သူ၌ရှိသော အပြစ်ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမရမည်။ |
18. | သင့်အမျိုးသားချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ |
19. | ငါ၏ ပညတ်တရားကို သင်တို့သည် စောင့်ရကြမည်။ အမျိုးခြားသော တိရစ္ဆာန် အထီးအမတို့ကို မရှက်မတင်စေရ။ ခြားနားသော မျိုးစေ့ကို ရောနှော၍ လယ်၌ မကြဲရ။ ဝါနှင့်သိုးမွေး ရော၍ ရက်သောအဝတ်ကို မဝတ်ရ။ |
20. | ထိမ်းမြားဆောင်နှင်းလျက်၊ မရွေးမလွှတ်သေးသော ကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက် ခြင်းကို ခံရမည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့် လွတ်ရမည်။ |
21. | ယောက်ျားသည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဘို့ သိုးထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။ |
22. | ထိုယောက်ျားပြုမိသောအပြစ်ကို ဖြေခြင်းငှါ၊ ဒုစရိုက်ဖြေရာယဇ် သိုးကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။ |
23. | သင်တို့သည် ငါပေးသောပြည်သို့ ရောက်၍၊ စားအပ်သော အပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ် လုံးသီးသော အသီးကို၊ အရေဖျားလှီးခြင်းကို မခံသော အသီးဟူ၍ မှတ်ရမည်။ ထိုအသီးကို မစားရ။ |
24. | စတုတ္ထနှစ်တွင် သီးသောအသီးရှိသမျှသည် သန့်ရှင်း၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ဘို့ရာ ဖြစ်ရမည်။ |
25. | ပဉ္စမနှစ်တွင် သီးသောအသီးကို စားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ |
26. | အသွေးပါသော အသေကောင်ကို မစားရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။ |
27. | ဦးခေါင်းအနားပတ်လည်၌ ဆံပင်ကိုဝန်း၍ မရိတ်ရ။ ပါးမုန်းကိုလည်း မရိတ်ရ။ |
28. | သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။ |
29. | ကိုယ်သမီးကို ပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့် ပြည့်လိမ့်မည်။ |
30. | ငါ့ဥပုသ်နေ့တို့ကို စောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ |
31. | ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှါ၊ နတ်ဝင်သူကို မမှိဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ |
32. | ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ ဘုရားသခင်ကို ကြောက်ရွံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ |
33. | သင်၏ ပြည်၌ တည်းနေသော ဧည့်သည်ကို မညှဉ်းဆဲရ။ |
34. | သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ |
35. | တိုင်းထွာသောအမှု၊ ချိန်တွယ်သောအမှု၊ ခြင်တွက်သောအမှု၌ မတရားစွာ မပြုရ။ |
36. | မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်တို့ကို သုံးရမည်။ ငါသည်သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။ |
37. | သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို စောင့်ရှောက်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။ |
← Leviticus (19/27) → |