← Leviticus (18/27) → |
1. | တဖန်မောရှေအား ထာဝရဘုရားက၊- |
2. | သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ |
3. | သင်တို့ နေဘူးသော အဲဂုတ္တုပြည်၏ အကျင့်ကို၎င်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည်၏ အကျင့်ကို၎င်း၊ သင်တို့သည် မကျင့်၊ သူတို့ တရားလမ်းသို့ မလိုက်ရကြ။ |
4. | ငါစီရင်ချက်ရှိသည်အတိုင်း ကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ |
5. | ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။ |
6. | သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။ |
7. | သင်၏ အဘနှင့်သာဆိုင်သော သင်၏ အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။ |
8. | ကိုယ်အဘ၏ မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာဆိုင်၏။ |
9. | တအိမ်တည်း၌ မွေးဘွားသည်ဖြစ်စေ၊ အခြားသော အရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏ နှမကို မချဉ်းရ။ |
10. | ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကို မချဉ်းရ။ |
11. | အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကို မချဉ်းရ။ |
12. | သင့်အဘ၏ ပေါက်ဘော်ရင်းဖြစ်သော အဘ၏ နှမကို၎င်း၊ |
13. | သင့်အမိ၏ ပေါက်ဘော်ရင်းဖြစ်သော အမိ၏ ညီအစ်မကို၎င်း၊ |
14. | အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ၏ ညီအစ်ကို မယားကို၎င်း၊ |
15. | သား၏မယားတည်းဟူသော ချွေးမကို၎င်း၊ |
16. | ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏ မယားကို၎င်း၊ မချဉ်းရ။ |
17. | ကိုယ်မယား၏ ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏ မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။ |
18. | ကိုယ်မယားကို နှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ၏ ညီအစ်မကို မသိမ်းရ။ |
19. | ဥတုရောက်၍ မစင်ကြယ်သော မိန်းမကိုလည်း မချဉ်းရ။ |
20. | ကိုယ်ကို ညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။ |
21. | သင်၏ သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ။ သင်၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။ |
22. | မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်း မပေါင်းဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။ |
23. | ကိုယ့်ကိုကိုယ် ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ်၏။ |
24. | ထိုသို့သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုး မျိုးတို့သည်၊ ထိုသို့သောအမှုကို ပြု၍ ညစ်ညူးကြ၏။ |
25. | သူတို့ ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည်။ |
26. | သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တဖန် ညစ်ညူးခြင်းကိုခံ၍၊ သင်တို့ကို မအော့အန်စေခြင်းငှါ၊ ကိုယ်အမျိုးသားဖြစ်စေ၊ |
27. | သင်တို့တွင် တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကို မပြုရ။ |
28. | သင်တို့ရှေ့၌ရှိသော ပြည်သားတို့သည် ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသော အားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။ |
29. | ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသောသူ မည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်း ခံရမည်။ |
30. | သို့ဖြစ်၍ သင်တို့ရှေ့၌ ပြူဘူးသော ထိုရွံ့ရှာဘွယ် ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍၊ ကိုယ့်ကိုကိုယ် မညစ်ညူးစေခြင်းငှါ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။ |
← Leviticus (18/27) → |