← Joel (2/3) → |
1. | ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။ |
2. | မိုက်မဲသောနေ့၊ မိုဃ်းအုံ၍ မှောင်မိုက်ထူထပ် သော နေ့ဖြစ်၏။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသော အမျိုးသည် လာ၏။ ရှေးကာလ၌ ထိုသို့ မဖြစ်စဖူး။ နောင်ကာလ အစဉ်အဆက်၌လည်း မဖြစ်ရလတံ့။ |
3. | သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင် ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်း သော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။ |
4. | သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။ |
5. | ရထားမြည်သံကဲ့သို့၎င်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့၎င်း အသံမြည်၍ တောင်ထိပ်တို့အပေါ် မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှါ ခင်းကျင်း၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။ |
6. | သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသော စိတ်ရှိ၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြ လိမ့်မည်။ |
7. | သူတို့သည် သူရဲကဲ့သို့ ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။ |
8. | တဦးကိုတဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက် ကြလိမ့်မည်။ ထားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ။ |
9. | မြို့ထဲမှာတလည်လည် ပြေးလျက်၊ မြို့ရိုးကို ကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်း ပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။ |
10. | သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့်လ သည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။ |
11. | ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည် အလွန်ကြီးမား ၏။ စကားတော်အတိုင်း စီရင်သော သူသည် တန်ခိုးကြီး တော်မူ၏။ ထာဝရဘုရား၏နေ့ရက်သည် ကြီး၍ အလွန် ကြောက်မက်ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူခံနိုင် သနည်း။ |
12. | သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။ |
13. | အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာ ကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သော သဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ၏။ |
14. | သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရား သခင်သည် တဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်မမူမည်ကို အဘယ်သူသိနိုင်သနည်း။ |
15. | ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသော အချိန်ကို ခန့်ထား၍ ခြိုးခြံစွာ ကျင့်ရသော အချိန်ကို ကြော်ငြာကြလော့။ |
16. | လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကို၎င်း၊ ငယ်သောသူနှင့်နို့စို့သော သူတို့ကို၎င်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲက၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာ တွင်းက၎င်း ထွက်စေ။ |
17. | ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရော ဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါ နှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါ သနည်းဟု လျှောက်ကြစေ။ |
18. | သို့ပြုလျှင်၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနား တော်မူလိမ့်မည်။ |
19. | အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူ လျက်၊ ငါသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီကို ပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တဖန် တပါးအမျိုး သားကဲ့ရဲ့ရာဖြစ်စေခြင်းငှါ ငါမပြု။ |
20. | မြောက်မျက်နှာတပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည်။ အဘယ်သူမျှမရှိ၊ သွေ့ခြောက်သော အရပ်သို့ နှင်ထုတ်မည်။ အရှေ့ပင်လယ်ကို မျက်နှာပြု လျက်၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့် မည်။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည်။ ထာဝရ ဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည်။ |
21. | အိုပြည်တော်၊ မစိုးရိမ်နှင့်။ ဝမ်းမြောက်ရွှင်လန်း ခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။ |
22. | အိုတော သားရဲတို့၊ မစိုးရိမ်ကြနှင့်။ တောမြက် ပင်ပေါက်လျက်၊ သစ်ပင်တို့သည် အသီးကို သီးလျက်၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ် လျက်ရှိကြ၏။ |
23. | အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုဃ်းနှင့်နောက်မိုဃ်းကို သင်တို့ အပေါ်မှာ ရွာစေတော်မူမည်။ |
24. | ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည်။ |
25. | အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေး မည်။ |
26. | သင်တို့သည် ဝစွာ စားရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင်တို့၌ ပြုသော သင်တို့၏ဘုရား သခင်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ နောက်တဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။ |
27. | ငါသည် ဣသရေလအမျိုး၏အလယ်၌ရှိ ကြောင်းကို၎င်း၊ အခြားသော ဘုရားမရှိ၊ ငါထာဝရဘုရား သည် သင်တို့၏ဘုရားသခင်ဖြစ်ကြောင်းကို၎င်း သင်တို့ သိရကြလိမ့်မည်။ နောက်တဖန်ငါ၏လူတို့သည် ရှက် ကြောက်ခြင်း မရှိရကြ။ |
28. | ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ |
29. | ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ |
30. | မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင် တို့ကို ငါပြမည်။ |
31. | ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည်။လသည်လည်း သွေးဖြစ်လိမ့်မည်။ |
32. | ထိုအခါ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုနတောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့။ |
← Joel (2/3) → |