← Job (9/42) → |
1. | ယောဘပြန်၍ မြွက်ဆိုသည်ကား၊ |
2. | မှန်ပါ၏။ ထိုစကားမှန်ကြောင်းကိုငါသိ၏။ သို့သော်လည်း လူသည်ဘုရားသခင့်ရှေ့တော်၌ အဘယ် သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း။ |
3. | ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင်။ |
4. | ဘုရားသခင်သည်ထူးဆန်းသောဉာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။ |
5. | ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။ |
6. | မြေကြီးကိုရွေ့စေခြင်းငှါ တွန်းတော်မူ၍၊ မြေတိုင်းတို့သည် တုန်လှုပ်ကြ၏။ |
7. | နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။ |
8. | မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။ |
9. | အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။ |
10. | စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ၏။ |
11. | ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်ဘွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။ |
12. | သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။ |
13. | ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်းကို ခံရကြ၏။ |
14. | ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကားကို ရွေး၍ လျှောက်ရအံ့နည်း။ |
15. | ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍ မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။ |
16. | ငါခေါ်၍ အရှင်သည်ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။ |
17. | အကြောင်းမူကား၊ မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲငါ၌ အနာတို့ကို များပြား စေတော်မူ၏။ |
18. | ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။ |
19. | တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။ |
20. | ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည်။ |
21. | တဖန်စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။ |
22. | ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။ |
23. | ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ၊ အပြစ်မရှိသောသူခံရသည်အကြောင်းကို ရယ်တော်မူ၏။ |
24. | မြေကြီးကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း။ |
25. | တမြို့မှတမြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ၏။ |
26. | လျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။ |
27. | ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊ |
28. | ငါခံရသော ဒုက္ခဝေဒနာများသောကြောင့်၊ ကြောက်သောသဘောရှိ၏။ အပြစ်လွှတ်စေဟု ငါ၌စီရင်တော် မမူကြောင်းကို ငါသိ၏။ |
29. | ငါသည် အပြစ်သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီးကြိုးစားရမည်နည်း။ |
30. | ငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊ |
31. | ရွှံ့ထဲသို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ် ကိုရွံလိမ့်မည်။ |
32. | ငါသည် ဘုရားသခင်၏စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။ |
33. | ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေ အမှုစောင့်မရှိ။ |
34. | ငါ့ကိုဒဏ်ခတ်တော်မမူပါစေနှင့်။ ပြုတော်မူသော ဘေးကြောင့် ငါမကြောက်ပါစေနှင့်။ |
35. | သို့ဖြစ်လျှင်၊ ငါသည်မကြောက်ဘဲပြောရသော အခွင့်ရှိလိမ့်မည်။ ယခုမူကား၊ ပြောရသောအခွင့်ကိုမရ။ |
← Job (9/42) → |