← Job (6/42) → |
1. | တဖန်ယောဘမြွက်ဆိုသည်ကား၊ |
2. | ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ။ ငါခံရသောဒုက္ခများကိုလည်း ချိန်ခွင်၌ စုထားပါစေ။ |
3. | သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။ |
4. | အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။ |
5. | တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော။ နွားသည်စားစရာရှိသောအခါ အော် တတ်သလော။ |
6. | မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။ |
7. | လက်နှင့်မျှမတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။ |
8. | ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။ |
9. | တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။ |
10. | ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။ |
11. | ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။ |
12. | ငါ့ခွန်အားသည် ကျောက်ခွန်အားဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။ |
13. | ငါသည်ကိုယ်ကိုမမစနိုင်။ ငါ့ဉာဏ်လည်းကုန်ပြီ။ |
14. | ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။ |
15. | ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။ |
16. | ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့်၎င်း၊ |
17. | အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်း ခြောက်တတ်၏။ |
18. | ထိုရေစီးသောချောင်းတို့သည် လွဲသွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။ |
19. | တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ၏။ |
20. | မြော်လင့်၍စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။ |
21. | ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။ |
22. | ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။ |
23. | ရန်သူလက်မှငါ့ကိုကယ်ယူကြပါ။ သူရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော။ |
24. | ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ။ |
25. | မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း။ |
26. | ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။ |
27. | အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။ |
28. | ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့။ သင်တို့ရှေ့ မှာ ငါလှည့်စားသလော။ |
29. | ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့်မပြုကြပါ နှင့်။ ပြန်၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ် ပါ၏။ |
30. | ငါ့လျှာ၌ ကောက်သောသဘောရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော။ |
← Job (6/42) → |