← Job (42/42) |
1. | ယောဘသည်ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊ |
2. | ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ |
3. | ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ |
4. | နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင် တော်မူပါ။ |
5. | သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ |
6. | ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။ |
7. | ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက် ကိုငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အ ကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော။ |
8. | သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။ |
9. | ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာ ကို ထောက်တော်မူ၏။ |
10. | ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။ |
11. | ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။ |
12. | ထိုသို့ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုး တသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။ |
13. | သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကို လည်း ရပြန်၏။ |
14. | သမီးကြီးကား၊ ယေမိမ၊ သမီးလပ်ကား ကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း။ |
15. | တပြည်လုံး၌ယောဘ၏ သမီးကဲ့သို့ လှသောမိန်းမတစုံတယောက်မျှမရှိ။ သူတို့၏အဘသည်သူတို့ မောင်များနှင့်အညီအမျှ သူတို့အာအမွေဥစ္စာကို ဝေပေး လေ၏။ |
16. | ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊ |
17. | အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။ ယောဘဝတ္တုပြီး၏။ |
← Job (42/42) |