← Job (34/42) → |
1. | တဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊ |
2. | အကြားအမြင်များသော ပညာရှိတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။ |
3. | ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။ |
4. | ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့။ |
5. | ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ၏။ |
6. | ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။ |
7. | ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ်၏။ |
8. | မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော် ၍၊ လူဆိုးတို့နှင့် သွားလာတတ်၏။ |
9. | လူသည်ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုး မရှိဟု ယောဘသည် ဆိုမိပြီ။ |
10. | သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။ |
11. | လူပြုသော အမှု၏အကျိုးအပြစ်ကို ပေးတော်မူ မည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက် ခံစေတော်မူမည်။ |
12. | အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင် တော်မမူ။ |
13. | မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူ စီရင်ပြုပြင် သနည်း။ |
14. | ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊ |
15. | ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ခြင်း သေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်။ |
16. | ယခုမှာသင်သည် ဉာဏ်ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။ |
17. | တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။ |
18. | သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကို၎င်း၊ သင်တို့သည် အဓမ္မလူဖြစ်ကြ၏ဟုမင်းတို့ကို၎င်း ဆိုသင့် သလော။ |
19. | ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။ |
20. | တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။ |
21. | အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရား သခင်ကြည့်ရှု၍၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။ |
22. | မတရားသဖြင့် ကျင့်သောသူ၏ ပုန်းရှောင်ရာ မှောင်မိုက်၊ သေမင်းအရိပ်တစုံတခုမျှမရှိ။ |
23. | ဘုရားသခင့်ရှေ့တော်၌ လူသည် တရားတွေ့ သောအခါ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်း မရှိ။ |
24. | အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ ၏။ |
25. | သို့ဖြစ်၍ သူတို့ပြုသမျှကို သိတော်မူသဖြင့်၊ ညဉ့်မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီးတော်မူ၏။ |
26. | သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။ |
27. | အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ်ကြ၏။ ပြုတော်မူသော အမှုတို့ကို အလျှင်းမဆင် ခြင်ကြ။ |
28. | ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။ |
29. | ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။ |
30. | ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။ |
31. | အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ။ နောက်တဖန် မပြစ်မှားပါ။ |
32. | အကျွန်ုပ်နားမလည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့် သည် မဟုတ်လော။ |
33. | သင်သည် ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍၊ အလို တော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည် လော။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ။ |
34. | ဉာဏ်ကောင်းသော သူတို့သည် စကားပြောပါ စေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင် ပါစေ။ |
35. | ယောဘသည် နားမလည်ဘဲပြောမိပြီ။ သူပြော သောစကားသည် ပညာစကားမဟုတ်။ |
36. | ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော တတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ၏။ |
37. | ဒုစရိုက်ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင် ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု မြွက်ဆို၏။ |
← Job (34/42) → |