← Job (33/42) → |
1. | သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။ |
2. | ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသော အခါ၊ |
3. | ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။ |
4. | ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော် သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။ |
5. | သင်သည်တတ်နိုင်လျှင် ငါ့ကို ပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။ |
6. | ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။ |
7. | သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင်။ |
8. | အကယ်စင်စစ်သင့်စကားသံကို ငါကြားသည် အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား၊ |
9. | ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မပြုတတ်။ ငါ၌အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။ |
10. | ဘုရားသခင်သည် ငါ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။ |
11. | ငါ့ကို ထိတ်ခတ်တော်မူ၏။ ငါထွက်ရာလမ်းရှိ သမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။ |
12. | ထိုသို့ဆိုသော်မှားပြီ။ ငါပြန်ပြောသောစကားဟူ မူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ၏။ |
13. | ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။ |
14. | ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ၏။ |
15. | လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊ |
16. | ဘုရားသခင်သည် လူ၏နားကို ဖွင့်၍ ဆုံးမပေး တော်မူတတ်၏။ |
17. | ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း ပြုတော်မူ၏။ |
18. | သူ၏အသက်ကို သင်္ချိုင်းတွင်းမှကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။ |
19. | လူသည် အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊ |
20. | မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ၏ စိတ်ဝိညာဉ်သည် ရွံ့ရှာ၏။ |
21. | အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။ |
22. | အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ။ |
23. | သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ် သော တမန်ရှိလျှင်၊ |
24. | ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊ |
25. | ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့်တဖန်ပြည့်စုံလိမ့်မည်။ |
26. | ဘုရားသခင်ကို ဆုတောင်း၍ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။ |
27. | သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊ |
28. | သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။ |
29. | ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊ |
30. | သင်္ချိုင်းတွင်းမှနှုတ်ယူ၍၊ အသက်ရှင်သော သူတို့၏အလင်းနှင့် လင်းစေတော်မူ၏။ |
31. | အိုယောဘ၊ ငါ့စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။ |
32. | သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။ |
33. | ပြောစရာမရှိလျှင်၊ တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကိုငါသွန်သင်ပါမည် ဟု မြွက်ဆို၏။ |
← Job (33/42) → |