← Job (3/42) → |
1. | ထိုနောက်၊ ယောဘသည် နှုတ်ကိုဖွင့်၍ |
2. | မိမိဘွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား။ |
3. | ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟုသိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။ |
4. | ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါ စေနှင့်၊ |
5. | မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။ |
6. | ထိုညဉ့်သည်မှောင်မိုက်၌ ပျောက်ပါစေ။ နှစ်စဉ် နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊ |
7. | လအရေအတွက်၌ မဝင်ပါစေနှင့်။ အော်၊ ထိုညဉ့်သည်ဆိတ်ညံပါစေ။ ရွှင်လန်းသောအသံမရှိပါ စေနှင့်။ |
8. | နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။ |
9. | ညဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညဉ့်သည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုဃ်းလင်း ကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊ |
10. | ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ။ |
11. | ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း။ |
12. | ငါ့ကိုအဘယ်ကြောင့် ပိုက်ပွေ့ရသနည်း။ အဘယ်ကြောင့် နို့တိုက်ရသနည်း။ |
13. | ထိုသို့မပြုလျှင် ငါသည်အိပ်၍ငြိမ်းပြီ။ ပျော်လျက်နေရပြီ။ |
14. | မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊ |
15. | မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။ |
16. | သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။ |
17. | ထိုအရပ်၌ လူဆိုးတို့သည် နောက်တဖန်မနှောင့်ရှက်ရ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာ ရကြ၏။ |
18. | အချုပ်ခံရသောသူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏စကားသံကိုမကြားရကြ။ |
19. | ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့်လွတ်ရ၏။ |
20. | ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။ |
21. | သူတို့သည် သေခြင်းကို တောင့်တ၍မရနိုင်။ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ တူးသည် ထက်သေ ခြင်းအကြောင်းကို ဘော်ခြင်းငှါ သာ၍ထူးကြ၏။ |
22. | သူတို့သည်သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။ |
23. | မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း။ |
24. | အစာစားခြင်းအရာ၌ ငါညည်းတွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။ |
25. | ငါကြောက်သော အမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။ |
26. | ငါသည်ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။ |
← Job (3/42) → |