← Job (22/42) → |
1. | တဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည် ကား၊ |
2. | လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို ပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။ |
3. | သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုး ရှင်သည် ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။ |
4. | သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော် မူမည်လော။ သင်နှင့်တရားတွေ့တော်မူမည်လော။ |
5. | သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။ |
6. | သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။ |
7. | မောသောသူသောက်ဘို့ ရေကိုမပေး။ ငတ်မွတ်သောသူကိုမကျွေး။ |
8. | အားကြီးသောသူမူကားမြေကို ပိုင်ရ၏။ ဂုဏ်အသရေရှိသော သူသည် နေရသောအခွင့်ကိုရ၏။ |
9. | သင်သည် မုတ်ဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကိုချိုးပြီ။ |
10. | ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ၏။ |
11. | မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ၍၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ၏။ |
12. | ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား။ |
13. | သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။ |
14. | မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။ |
15. | ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊ |
16. | အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊ |
17. | ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော။ |
18. | သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသော သူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။ |
19. | ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ၏။ |
20. | အကယ်စင်စစ်ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။ |
21. | ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။ |
22. | နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်းပါလော့။ |
23. | အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊ |
24. | ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။ |
25. | ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။ |
26. | သင်သည်အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။ |
27. | သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။ |
28. | သင်ကြံစည်သောအကြံအစည်သည် ထမြောက် ၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။ |
29. | သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။ |
30. | အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။ |
← Job (22/42) → |