← Job (19/42) → |
1. | ယောဘပြန်၍ မြွက်ဆိုသည်ကား၊ |
2. | သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ရှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း။ |
3. | ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။ |
4. | ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့်ငါသာဆိုင်၏။ |
5. | သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊ |
6. | ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။ |
7. | ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။ |
8. | ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။ |
9. | ငါ့ဂုဏ်အသရေကိုချွတ်၍၊ ငါ့ခေါင်းက ပေါင်းသရဖူကိုချတော်မူပြီ။ |
10. | ငါ့ကိုဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက် ကုန်ပြီ။ သစ်ပင်ကို နှုတ်သကဲ့သို့၊ ငါမြော်လင့်ရသော အခွင့်ကို နှုတ်တော်မူပြီ။ |
11. | ငါ၌အမျက်တော်ကိုနှိုးဆော်၍၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။ |
12. | စစ်ချီလာ၍၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။ |
13. | ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။ |
14. | ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ် ချင်းတို့သည် မေ့လျော့ကြ၏။ |
15. | ငါ့ကျွန်မများ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့၎င်း၊ တကျွန်းတနိုင်ငံသားကဲ့သို့၎င်း မှတ်ကြ၏။ |
16. | ငါ့ကျွန်ကိုငါခေါ်သောအခါသူသည် မထူး၊ သူ့ကို နှုတ်ဆက်၍ တောင်းပန်ရ၏။ |
17. | ငါ့မယားသည် ငါ့အသက်လေကို၎င်း၊ ငါ့သား သမီးတို့သည် ငါမြည်တမ်းခြင်းအသံကို၎င်း ရွံ့ကြ၏။ |
18. | သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။ |
19. | ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သော သူတို့ သည် ငါ့ရန်သူဖြစ်ကြ၏။ |
20. | ငါ့အရေသားသည်ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏။ သွားဖုံးတခုသာပါလျက်ငါပြေးလွတ်ရ၏။ |
21. | အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။ |
22. | ဘုရားသခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကို စား၍ မရောင်ရဲ့ဘဲနေကြသနည်း။ |
23. | ငါ့စကားကိုယခုရေးမှတ်ပါစေသော။ စာရင်း၌သွင်းထားပါစေသော။ |
24. | ခဲပြားပေါ်မှာကညစ်နှင့်အက္ခရာတင်လျက်၊ ကျောက်စာထိုး လျက်မြဲပါစေသော။ |
25. | ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊ |
26. | ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါသိ၏။ |
27. | ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ် မျက်စိနှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ၏။ |
28. | ယခုမှာသင်တို့က၊ ငါတို့သည် သူ့ကိုအဘယ်သို့ ညှဉ်းဆဲရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့ တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊ |
29. | ထားဘေးကိုကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည်ထားဘေးဖြင့် အပြစ်ပေးတတ် ၏။ အပြစ်စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။ |
← Job (19/42) → |