← Job (16/42) → |
1. | ယောဘပြန်၍ မြွက်ဆိုသည်ကား၊ |
2. | ထိုသို့သောစကားများတို့ကို ငါကြားဘူးပြီ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်းစေသော သူဖြစ်ကြပါသည်တကား။ |
3. | အချည်းနှီးသော စကားမကုန်နိုင်သလော။ သင်သည်စကားတုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း။ |
4. | သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။ |
5. | ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။ |
6. | ယခုမှာငါသည် ပြောသော်လည်းမသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။ |
7. | ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။ |
8. | ငါ့ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့တဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ၏။ |
9. | အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး၏။ |
10. | သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ၏။ အရှက်ခွဲ ၍ ပါးကိုပုတ်ကြ၏။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ၏။ |
11. | ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။ |
12. | ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ၏။ |
13. | မြှားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော် မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကိုမြေပေါ်၌ သွန်းတော်မူ၏။ |
14. | ငါ့ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။ |
15. | ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကို ချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။ |
16. | ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက် ခမ်းအပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက် ရှိ၏။ |
17. | သို့သော်လည်းငါ့လက်၌မတရားသော အမှုမရှိ။ ငါပြုသော ပဌနာသည် သန့်ရှင်း၏။ |
18. | အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။ |
19. | ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ် မှာ ရှိ၏။ |
20. | ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။ |
21. | လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။ |
22. | နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန်၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည်။ |
← Job (16/42) → |