← Job (11/42) → |
1. | နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊ |
2. | စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။ |
3. | သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း။ |
4. | သင်က၊ ငါ့စကားဖြောင့်၏။ ဘုရားသခင့်ရှေ့တော်၌ ငါသန့်ရှင်း၏ဟု ဆိုမိပြီ။ |
5. | ဘုရားသခင်မိန့်တော်မူပါစေ။ သင့်တဘက်၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ။ |
6. | နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။ |
7. | သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။ |
8. | မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။ |
9. | အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။ |
10. | ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။ |
11. | ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။ |
12. | သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။ |
13. | သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊ |
14. | သင်ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊ |
15. | အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည် လိမ့်မည်။ |
16. | ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။ |
17. | သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။ |
18. | မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။ |
19. | အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။ |
20. | ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။ |
← Job (11/42) → |