← Hebrews (9/13) → |
1. | တနည်းကား၊ ပဌမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်၎င်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့်၎င်း စပ်ဆိုင်၏။ |
2. | အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟုခေါ်ဝေါ်သော ပဌမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏။ |
3. | ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ၏။ |
4. | ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကို ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏ လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ သည်ရှိကြ၏။ |
5. | ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာ ပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခု သေချာစွာ ပြောစရာအကြောင်း မရှိ။ |
6. | ထိုသို့ ခပ်သိမ်းသော အရာတို့သည် ပြင်ဆင်လျက် ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပဌမတဲတော်အတွင်းသို့ အစဉ်ဝင်ကြရ၏။ |
7. | ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာ မိမိအပြစ်ကြောင့်၎င်း၊ လူများအပြစ် ကြောင့်၎င်း၊ ပူဇော်သောအသွေးကိုဆောင်၍ တနှစ်လျှင် တခါတည်းသာဝင်ရ၏။ |
8. | ပဌမတဲတော်မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာ ဌာနသို့ သွားသောလမ်းမဖွင့်သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ်ပေးတော်မူ၏။ |
9. | ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊ |
10. | စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များ နှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။ |
11. | ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊ |
12. | ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရေးဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။ |
13. | အကြောင်းမူကား၊ အညစ်အကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမ ကလေး၏ပြာသည်၊ သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊ |
14. | ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူ ပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။ |
15. | ထိုကြောင့် ပဌမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသော သူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရ အမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။ |
16. | အမွေခံစေခြင်းငှါ အခွင့်ပေး၍ စာချုပ်သည် အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။ |
17. | အကယ်၍မသေလျှင်၊ ထိုစာချုပ်သည်မတည်၊ သေမှသာတည်၏။ |
18. | ထို့ကြောင့်ပဌမပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့် ကင်း၍မစီရင်။ |
19. | တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်းလူအပေါင်းတို့ကို၎င်း ဖြန်းလျက်၊ |
20. | ဤအသွေးကား၊ သင်၌ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည်ဟု ပြောဆို၏။ |
21. | တဲတော်နှင့်ဝတ်ပြုသော တန်ဆာများကိုလည်း ထိုနည်းတူ သွေးနှင့်ဖြန်းရ၏။ |
22. | ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ ။ |
23. | ထို့ကြောင့်ကောင်းကင်ဘုံ၌ရှိသော အရာတို့၌ ပုံများကိုထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေ ရသည်ဖြစ်၍၊ ကောင်းကင် အရာတို့ကိုသာ၍မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။ |
24. | ထိုသို့နှင့်အညီ၊ မှန်သောသန့်ရေးဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့ အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ကိုယ်ကိုပြခြင်းငှါ၊ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ၊ |
25. | သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။ |
26. | ထိုသို့ပူဇော်ရသည်မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ် ကာလအဆုံး၌ တခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။ |
27. | လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့၊ |
28. | ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။ |
← Hebrews (9/13) → |