← Hebrews (12/13) → |
1. | ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။ |
2. | ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။ |
3. | အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ရှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့။ |
4. | သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြ သေး။ |
5. | ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး တော်မူသောအခါ စိတ်မပျက်နှင့်။ |
6. | ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသောဩဝါဒစကားကို မေ့လျော့ကြ သလော။ |
7. | သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည်သင်တို့ကို ပြုတော် မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။ |
8. | သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦး မင်းလွင်ရသော သားဖြစ်ကြ၏။ |
9. | တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။ |
10. | အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။ |
11. | ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော် လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။ |
12. | ထိုကြောင့်၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့။ |
13. | ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်သည် သာမက၊ ချမ်းသာရစေခြင်းငှါ၊ သင်တို့သွားဘို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြလော့။ |
14. | လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအော် လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။ |
15. | သင်တို့တွင် တစုံတယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲမနေစေခြင်းငှါ၎င်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့နှောင့်ရှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့်မညစ်ညူးစေခြင်းငှါ၎င်း၊ |
16. | မတရားသော မေထုန်မှီဝဲသောသူ မရှိစေခြင်းငှါ၎င်း၊ တနပ်စာ အဘိုးနှင့်သားဥိးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရိုမသေပြုသောသူ မရှိစေခြင်းငှါ၎င်း၊ သတိနှင့်ကြည့်ရှုကြလော့။ |
17. | သင်တို့သိသည်အတိုင်း၊ ဧသောသည်နောက်မှ ကောင်းကြီးမင်္ဂလာကို အမွေခံခြင်းငှါအလိုရှိသောအခါ၊ ငြင်းပယ်ခြင်းကိုခံရ၏။ မျက်ရည်ကျ၍ ကောင်းကြီးမင်္ဂလာကို အလွန်ရှာသော်လည်း၊ မိမိအဘ၏ စိတ် ပြောင်းလဲခြင်း အခွင့်ကိုမတွေ့မရ။ |
18. | ထိုမှတပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့၎င်း၊ လောင်သောမီးသို့၎င်း၊ မည်းသော တိမ်တိုက်၊ မှောင်မိုက်၊ မိုဃ်းသက် မုန်တိုင်းသို့၎င်း၊ |
19. | တံပိုးမှုတ်ခြင်းအသံသို့၎င်း၊ နှုတ်ကပတ်တော် အသံသို့၎င်း၊ ရောက်ကြသည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍ မိန့်တော်မမူမည်အကြောင်းတောင်းပန်ကြ၏။ |
20. | အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကို ထိမိလျှင်၊ ကျောက်ခဲနှင့်ပစ်၍ သေစေဟုပညတ်တော်မူသံကို လူတို့သည်နားမခံနိုင်ကြ။ |
21. | ထိုသို့ ထင်ရှားကြသောအရာသည် အလွန်ကြောက်မက်ဘွယ်ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့ တုန်လှုပ်ခြင်းရှိသည်ဟုဆို၏။ |
22. | သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊ |
23. | ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင် တော်မူသော ဘုရားသခင်အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ရောက်သောသူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့၎င်း၊ |
24. | ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့၎င်း၊ အာဗေလ၏ အသွေးပြောဆိုသောအရာထက်သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။ |
25. | သင်တို့သည် မိန့်တော်မူသော သူ၏စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ် ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသော သူ၏စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။ |
26. | အထက်ကဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည် ဖြစ်၍၊ ယခုတဖန်ငါသည် မြေကြီးနှင့် ကောင်းကင်ကိုလှုပ်ဦးမည်ဟု ဂတိတော်ရှိ၏။ |
27. | တဖန်ဟူသောစကား၏အဓိပ္ပါယ်ကား၊ မလှုပ်သောအရာတို့ကို တည်စေခြင်းငှါ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။ |
28. | ထိုကြောင့်၊ ငါတို့သည်မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။ |
29. | ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။ |
← Hebrews (12/13) → |