← Hebrews (10/13) → |
1. | တနည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန် ကိုမပြ၊ အရိပ်ကိုသာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သောယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။ |
2. | တည်စေနိုင်လျှင်၊ ဝတ်ပြုသောသူတို့သည် တခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန် သံဝေဂတရားရစရာအကြောင်း အလျှင်းမရှိသည်ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တခါတည်းသာပူဇော်၍၊ နောက်တဖန် မပူဇော်ဘဲနေရကြမည်မဟုတ်လော။ |
3. | ယခုမူကား ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်းအောက်မေ့ခြင်းရှိ၏။ |
4. | အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။ |
5. | ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိ သည်ဖြစ်၍၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ |
6. | မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကို အားရနှစ်သက်တော် မမူသောအခါ၊ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့် အညီ၊ |
7. | အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။ |
8. | ပညတ်တရားအတိုင်းပြုရသော ဝတ်ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာ ယဇ်အစရှိသော ယဇ်များနှင့် ပူဇော်သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော် မမူဟု အထက်ကဆိုနှင့်ပြီးမှ၊ |
9. | တဖန်တုံ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင်၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမဝတ်ကို ပယ်၏။ |
10. | ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ |
11. | ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သော ယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။ |
12. | ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ အစဉ်အမြဲထိုင်၍၊ |
13. | မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမှီတိုင်အောင် မြော်လင့်လျက် နေတော်မူ၏။ |
14. | အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းငှါ၊ တခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။ |
15. | ထိုသို့နှင့်အညီ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေးတော်မူသည်မှာ၊ |
16. | နောင်ကာလအခါသူတို့၌ ငါပေးသော ပဋိညာဉ်တရား ဟူမူကား၊ ငါထာဝဘုရားသည် ငါ့ပညာ တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊ |
17. | တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။ |
18. | ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစေရာအကြောင်းမရှိ။ |
19. | ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊ |
20. | ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကိုအမှီ ပြု၍အဆီးအတားမရှိ၊ ဝင်ရသောအခွင့်ရှိသဖြင့်၎င်း၊ |
21. | ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊ |
22. | ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနျင့်လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ |
23. | မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့ အကြောင်း မူကား၊ ဂတိထားတော်မူသော သူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ |
24. | ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ |
25. | လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။ |
26. | အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊ |
27. | ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။ |
28. | မောရှေ၏ တရားကိုပယ်သော သူမည်သည် ကား၊ သက်သေခံ နှစ်ဦးသုံးဦးလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။ |
29. | ထိုမျှမက၊ ဘုရားသခင်၏ သားတော်ကို ခြေဖြင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ် တရား၏ သွေးကိုအပြစ်တင်လျက်၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသော သူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒက်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။ |
30. | ငါသည်အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟူ၍၎င်း၊ ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင်မည်ဟူ၍၎င်း မိန့်တော်မူသောသူကို ငါတို့သည် အမှန်သိကြ၏။ |
31. | အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်း အမှုသည် ကြောက်မက် ဘွယ်သောအမှုဖြစ်သတည်း။ |
32. | သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့်၎င်း၊ ထိုသို့ ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဘော်ဖြစ်သဖြင့်၎င်း၊ |
33. | ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာ များကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့။ |
34. | ထိုအခါသင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသော စိတ်ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌သာ၍ မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။ |
35. | ထိုကြောင့်၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။ |
36. | ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှ၊ ဂတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်း စိတ်ရှိရမည်။ |
37. | အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မှီ ရောက် တော်မူလိမ့်မည်။ |
38. | ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင် အမိန့်တော်ရှိ၏။ |
39. | ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သော သူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှါ ယုံကြည်သောသူ ဖြစ်ကြ၏။ |
← Hebrews (10/13) → |