Haggai (1/2) → |
1. | ဒါရိမင်းကြီးနန်းစံနှစ်နှစ်၊ ဆဌမလတရက်နေ့ တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလ သား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက် သား ယောရှုဆီသို့ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၍၊ |
2. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ အချိန်မရောက်သေး၊ ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေး ဟု၊ ဤလူများ ပြောဆိုကြသည်မှာ၊ |
3. | ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်ရောက်လာသည်ကား၊ |
4. | အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသော အိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက် လျက် နေရမည်လော။ |
5. | ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ ကို ဆင်ခြင်ကြလော့။ |
6. | သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော် လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ် လုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ၏။ |
7. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။ |
8. | တောင်ပေါ်သို့ တက်သွား၍ သစ်သားကို ဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည် လည်း အားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ |
9. | သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သော အခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ် သည် ပျက်လျက်ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီး အသီး မိမိတို့အိမ်သို့ ပြေးသောကြောင့်၎င်း ဖြစ်သတည်း။ |
10. | ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။ |
11. | မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌၎င်း၊ မြေထဲကထွက်သမျှ အပေါ်၌၎င်း၊ လူသတ္တဝါတိရစ္ဆာန်အပေါ်၌၎င်း၊ လုပ် ဆောင်သမျှအပေါ်၌၎င်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ၏။ |
12. | ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန် ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၎င်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသောပရောဖက်ဟဂ္ဂဲစကားကို ၎င်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။ |
13. | ထိုအခါ ထာဝရဘုရားမှာထားတော်မူသည် အတိုင်း ထာဝရဘုရား၏ တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့ နှင့်အတူရှိ၏ဟု၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။ |
14. | ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလ သေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယော ဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ ကို နှိုးဆော်တော်မူသောအားဖြင့်၊ |
15. | ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဌမလနှစ်ဆယ် လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ အလုပ်လုပ်ကြ၏။ |
Haggai (1/2) → |