← Galatians (4/6) → |
1. | တဖန်တုံ၊ အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သော သူဖြစ်သော်လည်း၊ အရွယ်မရောက်မှီ ကာလပတ်လုံး အစေအပါးကျွန်နှင့် တူ၏။ |
2. | အဘစီရင်နှင့်သော အချိန်ကာလ မရောက်မှီ တိုင်အောင် အစောင့်အထိန်းအအုပ်အချုပ်တို့ လက်၌ ရှိ၏။ |
3. | ထိုနည်းတူငါတို့သည် အရွယ်မရောက်မှီ လောကီတရားနုလက်၌ ကျွန်ခံရကြ၏။ |
4. | အချိန်ကာလစေ့သောအခါ၊ ငါတို့သည်သား၏အခွင့်အရာကို ခံရမည်အကြောင်း၊ |
5. | ပညတ်တရားလက်၌ရှိသောငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရား အောက်၌ဘွားမြင်ရသော သားတော်ကို ဘုရားသခင်သည်စေလွှတ်တော်မူ၏။ |
6. | ထိုသို့သင်တို့သည်သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။ |
7. | သို့ဖြစ်၍ သင်တို့သည် နောက်တဖန် အစေအပါးကျွန်မဖြစ်၊ သားပင် ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်း ဖြစ်ကြ၏။ |
8. | သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင်ကို မသိသောအခါ၊ ဇာတိအားဖြင့် ဘုရားမဟုတ် သော သူတို့၏အမှုကိုဆောင်ရွက်ကြ၏။ |
9. | ယခုမူကားသင်တို့သည် ဘုရားသခင်ကို သိပြီးမှဟု၍မဆို၊ ဘုရားသင်သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာမပေးနိုင်သော တရာနုဘက်သို့ အဘယ်ကြောင့် တဖန်ပြောင်းလဲကြသနည်း။ ထိုလောကီ တရား၌ တဖန်ကျွံခံခြင်းငှါ အလိုရှိကြပြီတကား။ |
10. | နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကို စောင့်ကြပြီတကား။ |
11. | ငါသည်သင်တို့ဆီမှ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။ |
12. | ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့ သင်တို့ဖြစ်ကြလောဟု ငါတောင်းပန်၏။ သင်တို့သည် ငါ့ကိုအလျှင်းမပြစ်မှားကြ။ |
13. | ငါသည် ကိုယ်နာခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိတရားကို သင်တို့အား အထက်က ဟောပြော ကြောင်းကို သင်တို့သိကြ၏။ |
14. | ကိုယ်ကာယ၌ငါခံရသော စုံစမ်းခြင်းကို သင်တို့ သည်မထီမဲ့မြင်မပြု၊ ငါကိုမပယ်၊ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့၎င်း၊ ယေရှုခရစ်ကဲ့သို့၎င်း၊ လက်ခံကြ၏။ |
15. | သို့ဖြစ်လျှင် သင်တို့ခံရသောမင်္ဂလာကား အဘယ်မင်္ဂလာနည်း။ အထက်ကကိုယ်မျက်စိကိုထုတ်၍ ငါ့အား ပေးနိုင်လျှင်၊ ပေးခြင်းငှါသင်တို့အလိုရှိသည်ဟု ငါသက်သေခံ၏။ |
16. | ယခုမူကား၊ ငါသည်သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သလော။ |
17. | သူတထူးတို့သည် သင်တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ်စွာ ချစ်ကြသည်မဟုတ်။ သင်တို့သည်သူတို့ကို အလွန်ချစ်မည်အကြောင်း၊ သူတို့သည် သင်တို့ကို ပယ်ခြင်းငှါ အလိုရှိကြ၏။ |
18. | သို့သော်လည်းသင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ်။ အစဉ်မပြတ်အလွန်ချစ်အပ်၏။ |
19. | ခရစ်တော်သည်သင်တို့အထဲ၌ တည်လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့၊ |
20. | သင်တို့ကို ငါယုံမှားခြင်းရှိသောကြောင့်၊ ယခု သင်တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသော စကားကို ပြောခြင်းငှါ အလိုရှိ၏။ |
21. | ပညတ်တရားအောက်၍နေချင်သောသူတို့၊ သင်တို့သည် ပညတ်တရားကိုနားမလည်ကြသလော။ |
22. | ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတယောက်ကား၊ ကျွန်မ၏ သားဖြစ်၏။ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်၏ဟု လာသတည်း။ |
23. | ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဘွားသောသားဖြစ်၏။ ကျွန်မဟုတ်သော မိန်းမ၏သား သည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ်၏။ |
24. | ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတပါးသည် သိနာတောင်ပေါ်မှာ စီရင်၍၊ ကျွန်များကိုဘွားတတ်သောတရားဖြစ်၏။ |
25. | အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ၏၊ မိမိသားများနှင့်တကွ ကျွန်ခံရ၏။ |
26. | အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မမဟုတ် သော မိန်းမဖြစ်သတည်း။ |
27. | ကျမ်းစာလာသည်ကား၊ သားမဘွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသော မိန်းမထက် သာ၍များသော သားတို့ကို ဘွားမြင်ပြီဟု လာသတည်း။ |
28. | ညီအစ်ကိုတို့၊ ငါတို့သည်ဣဇာက်ကဲ့သို့ ဂတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။ |
29. | ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။ |
30. | သို့သော်လည်းအဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား၊ ကျွန်မနှင့်သူ၏သားကိုနှင်ထုတ်လော့။ ကျွန်မ ၏သားသည် ကျွန်မမဟုတ်သော မိန်းမ၏သားနှင့်အတူ အမွေမခံရဟုလာသတည်း။ |
31. | ယခုတွင်ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏ သားမဟုတ်၊ ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်ကြ၏။ |
← Galatians (4/6) → |