← Galatians (2/6) → |
1. | ထိုနောက်တဆယ်လေးနှစ်လွန်ပြီးမှ၊ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ယေရုရှင်မြို့သို့ တဖန် သွားလေ၏။ |
2. | ဗျာဒိတ်တော်အတိုင်းပင်သွားသည်ဖြစ်၍၊ တပါးအမျိုးတို့၌ ဟောပြောသော ဧဝံဂေလိတရားကို ထိုအခါငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီးမဖြစ်စေခြင်းငှါ၊ အသရေ ထင်ရှားသော သူတို့အားသာ တိတ်ဆိတ်စွာကြားပြော၏။ |
3. | သို့သော်လည်း ငါနှင့်အတူပါသော ဟေလသ အမျိုးတို့ကို အရေဖျားလှီးခြင်းကို မခံစေကြ။ |
4. | ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော လွှတ်ခြင်းအခွင့်ကိုချောင်းကြည့်၍ ငါတို့ကို ကျွန်ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့်သူတပါးသွင်း၍ ငါတို့အထဲသို့ဝင်သော ညီအစ်ကို၏အယောင်ကိုဆောင်သော သူတို့ အကြောင်းကြောင့် ထိုသို့ပြုကြ၏။ |
5. | မှန်သောဧဝံဂေလိတရားသည် သင်တို့၌ တည်နေမည်အကြောင်း၊ ငါတို့သည်သူတို့စီရင်ခြင်းကို ခဏမျှ ဝန်မခံကြ။ |
6. | အသရေထင်ရှားသောသူတို့သည် အထက်က အဘယ်သို့သော ဖြစ်ကြသည်ကိုငါမဆိုင်။ ဘုရားသခင် သည် လူမျက်နှာကို မှတ်တော်မမူ။ ထိုသူနှင့် ငါသည် ပေါင်းဘော်၍ ထူးခြားသောအရာကိုမခံရသည်သာမက၊ |
7. | အရေဖျားလှီးခြင်းကိုခံရသောသူတို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊ |
8. | ပေတရု၌ပြုပြင်တော်မူသောသူသည်၊ တပါးအမျိုးသားတို့တွင် ငါ့ကိုတမန်တော်ဖြစ်စေခြင်းငှါ ငါ၌ လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု၌ အပ်တော် မူသည် နည်းတူ၊ အရေဖျားလှီးခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌ အပ်တော်မူကြောင်းကို သူတို့ သည် သိမြင်ကြ၏။ |
9. | အမှီတကဲဖြစ်သောယာကုပ်၊ ကေဖ၊ ယောဟန် တို့သည်လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသော အခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါတို့သည်တပါးအမျိုး သားတို့ဆီသို့သွားမည်အကြောင်း၊ လက်ျာလက်ခံခြင်းကို ဗာနဗနှင့်ငါ့အား ပေးကြ၏။ |
10. | ငါတို့သည်ဆင်းရဲသောသူများကို အောက်မေ့စေခြင်းငှါ သူတို့အလိုတခုတည်းရှိ၏။ ထိုအမှုကို ငါသည်အလိုအလျောက်ကြိုးစားအားထုတ်လေ့ရှိ၏။ |
11. | ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာ အခွင့်ရှိသော ကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတားရ၏။ |
12. | အကြောင်းမူကား၊ လူအချို့သည် ယာကုပ်ထံမှ မရောက်မလာမှီ၊ ပေတရုသည် တပါးအမျိုးသားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသောသူတို့၏မျက်နှာကို ထောက်၍ တပါးအမျိုးသားတို့နှင့်မပေါင်းဝံ့။ တယောက်တခြားစီနေ၏။ |
13. | ကြွင်းသောယုဒလူတို့သည် ပေတရုနှင့်အတူ လျှို့ဝှက်၍၊ သူတို့ လျှို့ဝှက်ခြင်းအားဖြင့် ဗာနဗသည် လည်း သူတို့ဘက်သို့ပါသွား၏။ |
14. | သူတို့သည်မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ ကျင့်ကြောင်းကိုငါသည်မြင်လျှင်၊ ထိုသူ အပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းအကျင့်ဘဲ၊ တပါးအမျိုး၏ထုံးစံအတိုင်းကျင့်လျှင်၊ တပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်းကျင့်စေခြင်းငှါ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။ |
15. | လူတို့သည် ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊ |
16. | ယေရုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တပါး အမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့ပင် ယေရှုခရစ်ကိုယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။ |
17. | ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ် ထင်ရှား သောသူဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူဖြစ်သလော။ |
18. | ထိုသို့မဖြစ်နိုင်ရာ။ အထက်က ငါဖြိုဖျက်သော အရာကို နောက်တဖန်ငါတည်ဆောက်ပြန်လျှင်၊ ကိုယ် အပြစ်ရှိသည်ကိုထင်ရှားစွာပြ၏။ |
19. | ထိုမှတပါး၊ ငါသည်ဘုရားသခင်နှင့် ဆိုင်သောအရာ၌ အသက်ရှင်မည်အကြောင်း၊ ပညတ်တရားနှင့် ဆိုင်သောအရာ၌ ပညတ်တရားအားဖြင့် သေလျက်နေ၏။ |
20. | ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်းအသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည်ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။ |
21. | ဘုရားသခင်၏ကျေးဇူးတော်ကိုငါမပယ်။ ပညတ်တရားကိုအမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင် လျှင် ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ။ |
← Galatians (2/6) → |