← Ezekiel (7/48) → |
1. | နောက်တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊ |
2. | အချင်းလူသား၊ အရှင်ထာဝရဘုရားသည် ဣသ ရေလပြည်သားတို့ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ ရောက်ကြ၏။ |
3. | သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့ ငါ၏အမျက်ကို ငါလွှတ်လိုက်မည်။ သင်၏အကျင့်နှင့် အလျောက်ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ် အမှုတို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ |
4. | ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံ့ရှာ ဘွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သိရလိမ့်မည်။ |
5. | အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးတခု နောက်တခု ရောက်လာ၏။ |
6. | ဆုံးခြင်းဘေးရောက်လာ၏။ ဆုံးခြင်းဘေး ရောက်လာ၏။ သင့်ကို စောင့်လျက်ရောက်လာ၏။ |
7. | အိုပြည်တော်သား၊ သင်သည် အလှည့်ခံရသော အချိန်ရောက်လာ၏။ အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေး ကြော်ခြင်းမရှိရဘဲ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသော နေ့နီးပြီ။ |
8. | ငါသည် မကြာမမြင့်မှီသင်၏ အပေါ်သို့ ငါ၏ ဒေါသအရှိန်ကို သွန်းလောင်းမည်။ သင်၌ ငါ့အမျက် အလိုကို ပြည့်စုံစေမည်။ သင်၏အကျင့်အတိုင်း စီရင် မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့၏အကျိုး အပြစ်ကိုဆပ်ပေးမည်။ |
9. | နှမြောစုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါ ထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြ လိမ့်မည်။ |
10. | နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့် ခံရချိန်စေ့ပြီ။ တံဖျာပွင့်ပြီ။ မာနကြီးပွားပြီ။ |
11. | ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာပေါက်လေပြီ။ သူတို့အစည်းအဝေး၊ သူတို့ပရိသတ်တစုံတယောက်မျှ မကျန်ကြွင်းရ။ သတို့အဘို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ |
12. | အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။ ရောင်းသောသူသည် စိတ်မသာ၊ မညည်းတွားစေနှင့်။ အကြောင်းမူကား၊ ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက် ရှိ၏။ |
13. | ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်းသော မြေသို့ပြန်၍ မလာရ။ ထိုလူအစုအဝေးအပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံ သည် မပြည့်စုံဘဲမနေရ။ မတရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမတည်နိုင်ရ။ |
14. | စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော် လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။ |
15. | ပြင်၌ ကားထားရှိ၏။ အတွင်း၌ကားနာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသော သူသည် ထားဖြင့် သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်း အားဖြင့် ဆုံးလိမ့်မည်။ |
16. | သို့ရာတွင် လွတ်သောသူတို့သည် လွတ်သော အခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည်။ |
17. | ထိုသူရှိသမျှတို့သည် လက်အားလျော့၍၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။ |
18. | သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ် စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့်ကိုယ်ကို ခြုံလျက်၊ တယောက်မျှမကြွင်း၊ မျက်နှာရှက်ကြောက် လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။ |
19. | သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကိုညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရားအမျက်ထွက် တော်မူသော ကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင်။ သူတို့အလိုဆန္ဒကို မဖြေ နိုင်။ ဝစွာမကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။ |
20. | သူတို့၌ တင့်တယ်သောတန်ဆာအားဖြင့် သူတို့ မာနကို တိုးပွါးစေ၍၊ သူတို့၌ စက်ဆုပ်ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း၊ ရွံ့ရှာဘွယ်သော အရာတို့ကို၎င်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှါ ငါစီရင်မည်။ |
21. | တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့ သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။ |
22. | ငါလည်းမျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။ |
23. | သံကြိုးကိုလုပ်လော့။ အကြောင်းမူကား၊ ပြည် သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့်၏။ |
24. | ထိုကြောင့်၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့၍၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့် မည်။ ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်း စေမည်။ သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည်။ |
25. | ပျက်စီးခြင်းဘေးလာ၏။ သူတို့သည် ငြိမ်ဝပ်ခြင်း ကို ရှာ၍ မတွေ့ရကြ။ |
26. | ဘေးတခုနောက်တခု၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရား ဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။ |
27. | ရှင်ဘုရင်သည် ညည်းတွားခြင်း မြည်တမ်း လိမ့်မည်။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရ လိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ ငါပြု မည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
← Ezekiel (7/48) → |