← Ezekiel (38/48) → |
1. | တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ |
2. | အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ |
3. | အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း၊ သင့်တဘက်၌ ငါနေ၏။ |
4. | သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ် နှင့်ချိတ်ပြီးလျှင်၊ သင်မှစ၍ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ထားကို လက်စွဲသောလူအလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲ ဗိုလ်ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည်။ |
5. | အသီးအသီး ဒိုင်လွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသောပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊ |
6. | ဂေါမာနှင့်သူ၏တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏တပ်များအလုံးအရင်း အပေါင်း တို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။ |
7. | သင်သည် မိမိ၌ စုဝေးသောလူအလုံးအရင်းများ နှင့်တကွ ကိုယ်ကိုပြင်ဆင်လော့။ ပြင်ဆင်လျက်နေလော့။ သူတို့ကို စောင့်လျက်နေလော့။ |
8. | ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ် ရသောအခွင့်ရှိလိမ့်မည်။ ထားဘေးနှင့်လွတ်၍ လူ အမျိုးမျိုးထဲက နှုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံ လျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည်စစ် ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နှုန်ဆောင်သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊ |
9. | သင်သည်မိုဃ်းသက်မုန်တိုင်းကဲ့သို့တက်လာ၍၊ သင်၌ပါသော သမျှသော တပ်သားအလုံးအရင်းနှင့် တကွ၊ ထိုပြည်ကို မိုဃ်းအုံ့သကဲ့သို့ ဖြစ်လိမ့်မည်။ |
10. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသော အကြံကိုကြံစည်လျက်၊ |
11. | ရွာဇနပုဒ်များသောပြည်၊ မြို့ရိုးမရှိ၊ တံခါး ကျင်နှင့်တံခါးမရှိ၊ စိုးရိမ်စရာအကြောင်းအလျှင်းမရှိ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား၍၊ |
12. | သူတို့ဥစ္စာကို လုယက်သိမ်းယူမည်။ အရင် ဆိတ်ညံ၍ ယခုလူနေသောအရပ်တို့ကို၎င်း၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ်၍၊ ပြည်အလယ်၌နေသောသူတို့ကို၎င်း တိုက်မည်ဟု ကြံစည်လိမ့်မည်။ |
13. | ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှု ကုန်သည်များ၊ ခြင်္သေ့ပျိုယူခြင်းငှါ လာသလော။ သူ့ ဥစ္စာကို ဝေငှ၍၎င်း သိမ်းသွားလျက်၊ များစွာသော လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီ လောဟု မေးမြန်းကြလိမ့်မည်။ |
14. | သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဂေါဂအားဆင့်ဆို ရမည်မှာ၊ ငါ၏လူ ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ် စွာနေသောအခါ သင်သည်သိ၍၊ |
15. | မြင်းစီးသောသူ အလုံးအရင်းအပေါင်း၊ အားကြီး သောစစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှ ချီလာမည်။ |
16. | ပြည်ကို မိုဃ်းအုံ့သကဲ့သို့ ငါ၏လူဣသရေလ အမျိုးသားတို့ကို တက်၍တိုက်လာမည်။ နောင်ကာလတွင် ငါ၏ပြည်တဘက်၌ သင့်ကို ငါဆောင်ခဲ့မည်မဟုတ်လော။ အကြောင်းမူကား၊ အိုဂေါဂ၊ လူအမျိုးမျိုးတို့ မျက်မှောက်၌ သင့်အားဖြင့် ငါသည်ချီးမြှောက်ရာသို့ ရောက်သောအခါ၊ သူတို့သည် ငါ့ကိုသိရကြမည်အကြောင်းတည်း။ |
17. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် စစ်ချီစေမည် ဟု၊ လွန်လေပြီးသောရှေးကာလ၌ ပရောဖက်ပြုသောငါ၏ ကျွန်ဣသရေလ ပရောဖက်တို့ အား ငါသည်ဗျာဒိတ်ပေးသောအခါ၊ သင့်ကိုရည်မှတ် သည်မဟုတ်လော။ |
18. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင်ဂေါဂသည် ဣသရေလပြည်ကို တိုက်လာ သောကာလအခါ၊ ငါသည်ဒေါသအရှိန် ထ၍ အမျက် ထွက်လိမ့်မည်။ |
19. | အကယ်စင်စစ် ထိုအခါ ဣသရေလပြည်၌ကြီးစွာ သော လှုပ်ရှားခြင်းဖြစ်လိမ့်မည်ဟု ငါ၏ဒေါသမီးလောင် လျက် ငါပြောပြီ။ |
20. | ပင်လယ်ငါး၊ မိုဃ်းကောင်းကင်ငှက်၊ တော တိရစ္ဆာန်နှင့် မြေ၌တွားတတ်သောတိရစ္ဆာန်၊ မြေပေါ်မှာ ရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြ လိမ့်မည်။ တောင်တို့သည်ပြိုလျက်၊ အစောက်မြင့်သော အရပ်တို့သည် လဲလျက်၊ အလုံးစုံသောအိုတ်ရိုး ပြုတ်လျက် ရှိကြလိမ့်မည်။ |
21. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တဘက်၌ထားကို ငါမှာလိုက်သဖြင့်၊ လူအပေါင်းတို့သည် တယောက်ကို တယောက်ထားနှင့် ခုတ်ကြလိမ့်မည်။ |
22. | ငါသည်ကာလနာဘေး၊ အသေသတ်ခြင်းဘေး အားဖြင့် သူ့ကိုဒဏ်ပေးမည်။ သူနှင့်သူ၌ပါသောတပ်များ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းမိုးသောမိုဃ်းရေ၊ ကြီး သောမိုဃ်းသီး၊ ကန့်နှင့်ရောသောမီးမိုဃ်းကို ရွာစေမည်။ |
23. | ထိုသို့ငါသည် ကိုယ်ကိုချီးမြော်က၍ ရိုသေဘွယ် သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာသောလူမျိုးတို့ ရှေ့မှာ ထင်ရှားသောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
← Ezekiel (38/48) → |