← Ezekiel (32/48) → |
1. | သက္ကရာဇ် တဆယ်နှစ်ခု၊ ဒွါဒသမလတရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ |
2. | အချင်းလူသား၊ သင်သည်အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည် မှာ၊ သင်သည်လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ဖြစ်၏။ အိုင်၌ နေသောမိကျောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်တို့ကို ကူးသွားလျက်၊ ခြေဖြင့်ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။ |
3. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့်သင့်ကို အုပ်မိ ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့် မည်။ |
4. | ငါသည် သင့်ကိုကုန်းပေါ်မှာတင်၍ လွင်ပြင်၌ ပစ်ထားမည်။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို သင့် အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာ ကျွေးမည်။ |
5. | သင့်အသားကို တောင်တို့အပေါ်၌ ငါခင်းမည်။ ချိုင့်တို့ကို သင့်ကိုယ်နှင့် ပြည့်စေမည်။ |
6. | သင်မှ ယိုသော အသွေးဖြင့် မြေကိုတောင်ထိပ် တိုင်အောင် စိုစေမည်။ မြစ်တို့သည် သင့်အသွေးနှင့် ပြည့်ကြလိမ့်မည်။ |
7. | သင့်ကို ငါဆုံးစေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေမည်။ နေကို မိုဃ်းအုံ စေ၍ လသည်လည်း အလင်းကို မပေးရ။ |
8. | သင့်အထက်၊ မိုဃ်းကောင်းကင်၌ ထွန်းလင်းသော အလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍၊ သင့်ပြည်ကို မှောင် မိုက်နှင့် ဖုံးလွှမ်းမည်။ |
9. | သင်မသိဘူးသော အတိုင်းတိုင်းအပြည်ပြည်တို့ တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြာစေသောအခါ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည်။ |
10. | အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများ တို့ကို ငါမိန်းမောတွေဝေစေမည်။ ငါသည် ရှင်ဘုရင်တို့ ရှေ့မှာ ထားနှင့်ရွယ်သောအခါ၊ သူတို့သည် သင့်အမှု ကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည်။ သင်ဆုံးရှုံးသော နေ့၌သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။ |
11. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထားသည် သင့်အပေါ်သို့ ရောက် လိမ့်မည်။ |
12. | ခွန်အားကြီးသောသူ၊ ကြောက်မက်ဘွယ်သော လူမျိုး အပေါင်းတို့ဖြင့် သင်၏အလုံးအရင်းကို ငါလဲ စေမည်။ သူတို့သည် အဲဂုတ္တုမာနကို နှိမ့်ချ၍၊ ပြည်သား အလုံးအရင်းရှိသမျှကို ဖျက်ဆီးကြလိမ့်မည်။ |
13. | များစွာသော ရေအနားမှာ ကျက်စားသမျှသော တိရစ္ဆာန်တို့ကိုလည်း ငါပယ်ရှင်းမည်။ နောက်တဖန် လူခြေနှင့် တိရစ္ဆာန်ခြေသည် ထိုရေကို မနောက်စေရ။ |
14. | ထိုရေကို ငါကြည်စေ၍ မြစ်ရေသည် ဆီကဲ့သို့ စီးစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
15. | ငါသည် အဲဂုတ္တုပြည်၌ ဥစ္စာရှိသမျှကို ကုန်စေ ခြင်းငှါ သုတ်သင်ပယ်ရှင်း၍၊ ပြည်သူပြည်သား အပေါင်း တို့ကို ဒဏ်ခတ်သောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။ |
16. | ဤရွေ့ကား၊ အဲဂုတ္တုပြည်အတွက် ပြုရသော မြည်တမ်းခြင်းတည်း။ အမျိုးမျိုးသော သတို့သမီးတို့ သည်လည်း မြည်တမ်း၍၊ အဲဂုတ္တုပြည်နှင့် ပြည်သား အလုံးအရင်းရှိသမျှတို့အတွက် မြည်တမ်းကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
17. | သက္ကရာဇ် တဆယ်နှစ်၊ ပဌမလတဆယ်ငါးရက် နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ |
18. | အချင်းလူသား၊ အဲဂုတ္တုပြည်သားအလုံးအရင်း အတွက် မြည်တမ်းခြင်းကို ပြုလော့။ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နေရာ မြေအောက်အရပ်သို့ တိုင် အောင်၊ ကျော်စောသောလူမျိုးသတို့သမီးတို့နှင့်တကွ နှိမ့်ချ လျက် မြွက်ဆိုရမည်မှာ၊ |
19. | သင်သည် သူတပါးထက်သာ၍လှသလော။ အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့်အတူ ဆင်းသက် ၍ နေရာကျလော့။ |
20. | ထားဘေး၌ အပ်သည်ဖြစ်၍၊ ထားဖြင့်သေသော သူတို့နှင့်အတူ လဲ၍သေရသောကြောင့်၊ သူကိုယ်တိုင်မှ စ၍ သူ၏ လူအလုံးအရင်းရှိသမျှတို့ကို ဆွဲကြလော့။ |
21. | ခွန်အားအကြီးဆုံးသော သူရဲတို့သည် မရဏာ နိုင်ငံထဲက သူနှင့် သူ၏အခြံအရံတို့ကို နှုတ်ဆက်ကြလိမ့် မည်။ သူတို့သည်လည်း ဆင်းသွားကြပြီ။ ထားနှင့်သေ၍၊ အရေဖျားလှီးခြင်းမခံသော အဖြစ်၌လဲနေလျက် ရှိကြ၏။ |
22. | ထိုအရပ်၌ အာရှုရနှင့်သူ၏ လူအလုံးအရင်း အပေါင်းလည်း ရှိကြ၏။ သူတို့သည် ထားဖြင့်သေ၍ လဲနေလျက်၊ ပတ်လည်အရပ်ရပ်တို့၌ သူတို့သင်္ချိုင်းများ ရှိကြ၏။ |
23. | ထိုသင်္ချိုင်းတို့သည် ဥမင်းအတွင်း အနာမှာ စီးလျက်၊ မင်းသင်္ချိုင်း၌ ပတ်လည်ခြံရံလျက် ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတပါးကို ကြောက် စေတတ်သောသူဖြစ်သော်လည်း၊ ထိုသူရှိသမျှတို့သည် ထားဖြင့်သေ၍လဲနေကြ၏။ |
24. | ထိုအရပ်၌ ဧလံနှင့်သူ၏ သင်္ချိုင်းပတ်လည်၌ သူ၏လူအလုံးအရင်းရှိသမျှတို့သည် ထားဖြင့်သေ၍ လဲလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတပါးကို ကြောက်စေတတ်သော်လည်း၊ အရေဖျားလှီး ခြင်းကိုမခံသော လူဖြစ်၍မြေအောက်အရပ်သို့ ဆင်း သွားရသဖြင့်၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့် အတူ အရှက်ကွဲလျက် သေသောသူတို့နှင့်အတူ နေရာကျ ကြ၏။ |
25. | မိမိအလုံးအရင်းနှင့် အိပ်၍သူတို့ သင်္ချိုင်းတွင်း တို့သည် ပတ်လည်၌ ရှိကြ၏။ ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ထားခြင့် သေကြ ၏။ အသက်ရှင်သောသူတို့၏ နေရာ၌သူတပါးကို ကြောက်စေတတ်သော်လည်း၊ မြေတွင်းထဲသို့ ဆင်သွား သော သူတို့နှင့်အတူ အရှက်ကွဲသဖြင့်၊ သေသောသူတို့နှင့် အတူ နေရာကျကြ၏။ |
26. | ထိုအရပ်၌ မိမိအလုံးအရင်းရှိသမျှတို့နှင့်အတူ မေရှက်လည်း ရှိ၏။ တုဗလလည်းရှိ၏။ သင်္ချိုင်းတွင်း တို့သည် ပတ်လည်၌ရှိကြ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ သူတပါးကိုကြောက်စေတတ်သော်လည်း ထိုသူ ရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်၍ ထားဖြင့် သေလျက်နေကြ၏။ |
27. | သူတို့သည် ရှေးကာလ၌ လဲ၍သေသော၊ အရေ ဖျားလှီးခြင်းကို မခံသော လူကြီးတို့နှင့်အတူ အိပ်၍ နေရကြလိမ့်မည်မဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင်သောသူတို့၏ နေရာ၌ လူကြီးတို့ကို ကြောက် သေတတ်သော်လည်း၊ စစ်တိုက်လက်နက်ပါလျက် မရဏာနိုင်ငံထဲသို့ဆင်းသွား၍၊ မိမိထားကို မိမိ ခေါင်းအောက်မှာ ထားလျက်၊ မိမိတို့အရိုးပေါ်မှာ မိမိတို့ အပြစ်တည်လျက် ရှိကြ၏။ |
28. | သင်သည်လည်း၊ အရေဖျားလှီးခြင်းကိုမခံသော လူတို့အလယ်၌ ကျိုးပျက်၍၊ ထားဖြင့်သေသော သူတို့နှင့် အတူ လဲလျက်နေရလိမ့်မည်။ |
29. | ထိုအရပ်၌ ဧဒုံလည်းရှိ၏။ ဧဒုံရှင်ဘုရင်နှင့် မှူးတော် မတ်တော်တို့သည် မိမိတို့တန်ခိုးပါလျက်၊ ထားဖြင့်သေသော သူတို့နှင့်အတူ နေရာကျ၍၊ အရေဖျား လှီးခြင်းကို မခံသောလူ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အိပ်ရကြ၏။ |
30. | ထိုအရပ်၌ မြောက်ပြည်မင်း၊ ဇိဒုန်မင်းအပေါင်း တို့သည် ရှိကြ၏။ ကိုယ်တန်ခိုးကို ရှက်လျက်၊ ထိတ်လန့် လျက် သေသောသူတို့နှင့်အတူ ဆင်းသွားကြပြီ။ ထားဖြင့် သေသောသူတို့နှင့်အတူ အရေဖျားလှီးခြင်းကို မခံသော လူဖြစ်၍ အိပ်ကြ၏။ မြေတွင်းထဲသို့ ဆင်းသက်သော သူတို့နှင့်အတူ အရှက်ကွဲလျက် နေကြ၏။ |
31. | ဖါရောဘုရင်သည် ထိုလူများကိုမြင်၍၊ ထားဖြင့် သေသော မိမိလူအလုံးအရင်း ရှိသမျှတို့ကြောင့် ပူပန် သော စိတ်လျော့၍၊ ဖာရောဘုရင်နှင့် မိမိဗိုလ်ခြေ အပေါင်းတို့သည် သက်သာကြလိမ့်မည်ဟု အရှင်ထာဝရ ဘုရား မိန့်တော်မူ၏။ |
32. | အသက်ရှင်သော သူတို့၏နေရာ၌ သူသည် သူတပါးတို့ကို ကြောက်စေသောအခွင့်ကို ငါပေးသော် လည်း၊ ဖာရောဘုရင်နှင့် သူ၏လူအလုံးအရင်းရှိသမျှ တို့သည် ထားဖြင့် သေသောလူတို့အလယ်၌ လဲ၍ နေကြလိမ့်မည်ဟု အရှင်ဘုရားမိန့်တော်မူ၏။ |
← Ezekiel (32/48) → |