← Ezekiel (31/48) → |
1. | သက္ကရာဇ် တဆယ်တခု၊ တတိယလတရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ |
2. | အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ၏အလုံးအရင်းအား ဟောပြောရမည် မှာ၊ သင်သည် ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့် တူသနည်း။ |
3. | အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသော အကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သောအခက်အလက် တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနန်အာရဇ်ပင်ဖြစ်၏။ |
4. | မြစ်ရေ၏ကျေးဇူးကြောင့် ကြီးမားခြင်း၊ နက်နဲ သောရေ၏ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ၏။ သူစိုက်ရာ အရပ်ရပ်တို့၌ ရေစီး၍၊ ခပ်သိမ်းသော တော ပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ၏။ |
5. | ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါ ရေများသော ကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။ |
6. | မိုဃ်းကောင်းကင်ငှက်အပေါင်းတို့သည် အကိုင်း အခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်း တို့သည် အကိုင်းအခက်တို့ အောက်၌သာ ဘွားကြ၏။ ထိုအပင်၏ အရပ်၌ကြီးမားသော လူမျိုးအပေါင်းတို့ သည် နေကြ၏။ |
7. | ထိုသို့ ရေများသောအရပ်၌ အမြစ်စွဲသော ကြောင့်၊ ကြီးမြင့်၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ၏။ |
8. | ဘုရားသခင်၏ ဥယျာဉ်တော်၌ အာရဇ်ပင်တို့ သည် ထိုအပင်ကို မကွယ်နိုင်။ ထင်းရူးပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့်မပြည့်စုံကြ။ ဘုရားသခင်၏ ဥယျာဉ်တော်၌ သစ်ပင်တပင်မျှ ထိုအပင် ကဲ့သို့ အဆင်းမလှ။ |
9. | ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ် တော်၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူ သည်တိုင်အောင် အခက်အလက်များပြားသောအားဖြင့် သူ၏အဆင်းကို ငါလှစေ၏။ |
10. | တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသော ကြောင့်၊ |
11. | လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သော သူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။ |
12. | ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့သည် သူ့ကို ခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက် တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်း တို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။ |
13. | မိုဃ်းကောင်းကင်ငှက်နှင့် တောတိရစ္ဆာန် အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့ အပေါ် မှာ နေရကြ၏။ |
14. | အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ် ပင်တို့တွင် တပင်မျှအရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တပင်မျှအရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်း တည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ ဆင်း တတ်သောလူသားတို့နှင့်အတူ သေခြင်းသို့၎င်း၊ မြေ အောက်အရပ်သို့၎င်း ရောက်စေခြင်းငှါ ငါအပ်လေပြီ။ |
15. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့၌ နက်နဲ သောအရပ်ကို သူ့အဘို့မသာ အဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွားသော ရေကို ချုပ်ထား၏။ လေဗနန်တောင်ကို သူ့အဘို့ မသာအဝတ် ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက် ကြ၏။ |
16. | မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံ အားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင် သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး။ အမြတ်ဆုံးသော လေဗနန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ ရောက်ကြ၏။ |
17. | ထိုသူနှင့်တကွ သူ့လက်ရုံဖြစ်၍၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ထားဖြင့် အသေခံရသော သူတို့ နေရာ၊ မရဏာနိုင်ငံထဲသို့ လိုက်သွားကြ၏။ |
18. | သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင် သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေးဖျားလှီးခြင်းကို မခံသောလူ၊ ထားဖြင့်အသေခံရသောသူတို့နှင့်အတူ လဲ၍နေရမည်။ ထိုသို့ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည် ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
← Ezekiel (31/48) → |