← Ezekiel (26/48) → |
1. | သက္ကရာဇ်ဆယ်တခု၊ ပဌမတရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက် လာ၍၊ |
2. | အချင်းလူသား၊ တုရုမြို့က၊ အေ့ဟေ၊ တိုင်းနိုင်ငံ တို့၏ တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည် ဖြစ်၍၊ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ဆိတ်ညံသော ကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တဘက်၌ ဆိုမိသောကြောင့်၊ |
3. | အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တဘက်၌ ငါနေ၏။ သမုဒ္ဒရာလှိုင်းတပိုး တက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင်ကိုတက်၍ တိုက်စေမည်။ |
4. | သူတို့သည် တုရုမြို့ရိုးကိုဖျက်၍ ပြအိုးတို့ကို ဖြိုချကြလိမ့်မည်။ မြေမှုန့်ကို ငါခြစ်ခွာ၍ ရှင်းလင်းသောကျောက် ကဲ့သို့ ဖြစ်စေမည်။ |
5. | ပင်လယ်အလယ်၌ ပိုက်ကွန်လှန်းရာ အရပ် ဖြစ်လိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော် မူ၏။ လူမျိုးလုယူရာဖြစ်ရလိမ့်မည်။ |
6. | လယ်ပြင်၌ရှိသော သမီးတို့သည် ထားဖြင့် သေ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ၏။ |
7. | တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဘုရင်တို့၏ဘုရင်တည်းဟူသော မြောက်မျက်နှာရှင် ဘုရင်နေဗုခဒ်နေဇာကို၊ မြင်းထားရထား၊ မြင်းစီးသူရဲ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့ မည်။ |
8. | သူသည်လယ်ပြင်၌ရှိသော သင်၏သားသမီးတို့ကို ထားနှင့်သတ်လိမ့်မည်။ သင့်တလက်၌ ရဲတိုက်ကိုတည်၍ မြေရိုးကိုဖို့ပြီးလျှင်၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည်။ |
9. | သင်၏မြို့ရိုးတဘက်တချက်၊ ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထား၍ သင်၏ရဲတိုက်တို့ကို တူးရွင်းနှင့် ဖြိုချလိမ့်မည်။ |
10. | မြင်းများသောကြောင့် မြေမှုန့်သည် သင့်ကို ဖုံးလွှမ်းလိမ့်မည်။ တိုက်ဖျက်သော မြို့ထဲသို့ဝင်တတ် သကဲ့သို့ သင်၏မြို့တံခါးသို့ ဝင်သောအခါ၊ လှည်းရထား မျိုးမြည်သံ၊ မြင်းစီးသူရဲတို့ အသံကြောင့် သင်၏မြို့ရိုး လှုပ်ရှားလိမ့်မည်။ |
11. | မြင်းခွာတို့ဖြင့် သင်၏လမ်းရှိသမျှတို့ကို နင်း လျက်၊ သင်၏လူတို့ကို ထားနှင့်သတ်၍၊ သင်ခိုလှုံစရာ ရုပ်တုဆင်းတုတို့သည် မြေတိုင်အောင် ပြိုလဲကြလိမ့်မည်။ |
12. | သင်၏ဥစ္စာကို လုယူ၍သင်၏ကုန်များကိုလည်း သိမ်းယူကြလိမ့်မည်။ သင်၏အုတ်ထရံတို့ကို ဖြို၍ဘုံဗိမာန် တို့ကို ဖျက်ပြီးလျှင်၊ သင်၏ ကျောက်၊ သစ်သား၊ မြေတို့ကို ရေထဲမှာ ချပစ်ကြလိမ့်မည်။ |
13. | သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ၍၊ သင်တီး သော စောင်းသံကို နောက်တဖန် အဘယ်သူမျှမကြားရ။ |
14. | သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ငိုက်ကွန်လှန်ရာ အရပ်ဖြစ်ရလိမ့်မည်။ နောက်တဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။ |
15. | တုရုမြို့ကို ရည်မှတ်၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အလယ်၌ ကြီးစွာသော လုပ်ကြံခြင်း အမှုဖြစ်၍၊ ထိခိုက်သော သူတို့သည် အော်ဟစ်သောအခါ၊ သင်ပြိုလဲခြင်း အသံကြောင့် တကျွန်းတနိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ |
16. | သမုဒ္ဒရာမင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ် က ဆင်း၍၊ အင်္ကျီတော်ကို၎င်း၊ ချယ်လှယ်သော အဝတ် တော်ကို၎င်း၊ ချွတ်ပယ်ပြီးမှ၊ တုန်လှုပ်ခြင်းအဝတ်ကို ဝတ်လျက်၊ မြေပေါ်၌ ထိုင်လျက် ခဏခဏတုန်လှုပ်၍၊ သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ |
17. | သူတို့ကလည်း၊ အိုကျော်စောသောမြို့၊ ပင်လယ် သားနေ၍ ပင်လယ်၌ အားကြီးသော မြို့၊ ပင်လယ်သား အပေါင်းတို့ ရိုသေဘွယ်သော မြို့သားနှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အား ဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။ |
18. | သင်ပြိုလဲသောနေ့တွင် တကျွန်းတနိုင်ငံ အရပ် တို့သည် တုန်လှုပ်၍၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ်၌ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့် မည်။ |
19. | အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမနေသောမြို့ကဲ့သို့ ငါသည် သင့်ကိုဆိတ်ညံစေလျက်၊ ပင်လယ်ကိုသင့်အပေါ်သို့ ဆောင်ခဲ့၍၊ လှိုင်းတံပိုးတို့သည် သင့်ကိုလွှမ်းမိုးသောအခါ၊ |
20. | ရှေးလူဟောင်းတို့ နေရာမြေတွင်းထဲသို့ ဆင်း သော သူတို့နှင့်အတူ သင့်ကိုငါ နှိမ့်ချ၍၊ သင်၌လူမနေစေ ခြင်းငှါ မြေတွင်းထဲသို့ဆင်းသောသူတို့နှင့်အတူ၊ ရှေး ကာလမှစ၍ဆိတ်ညံရာအရပ်၊ မြေအောက်အရပ်တို့၌ ငါချထားမည်။ ထိုအခါ အသက်ရှင်သောသူတို့၏ နေရာ ၌ ငါ့ဘုန်းကို ငါဖွင့်မည်။ |
21. | သင်မူကား၊ ကြောက်မက်ဘွယ်သော အရာဖြစ် ၍၊ နောက်တဖန် အဘယ်သူမျှရှာ၍ မတွေ့နိုင်အောင်၊ ပျောက်ကုန်ရာသို့ရောက်လိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။ |
← Ezekiel (26/48) → |