← Ezekiel (20/48) → |
1. | သက္ကရာဇ် ခုနစ်ခု၊ ပဉ္စမလဆယ်ရက်နေ့တွင်၊ ဣသရေလအမျိုး အသက်ကြီးသူတို့သည် ထာဝရဘုရား ကို မေးလျှောက်ခြင်းငှါ လာ၍ငါ့ရှေ့မှာ ထိုင်နေကြ၏။ |
2. | ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ |
3. | အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို ဣသရေလအမျိုး အသက်ကြီးသူတို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် ငါ့ထံ၌ မေးလျှောက်ခြင်းငှါ လာကြသလော။ ငါအသက်ရှင်သည်အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ။ |
4. | အချင်းလူသား၊ သင်သည်သူတို့ကို စစ်ကြော လော့။ စစ်ကြောလော့။ သူတို့ဘိုးဘေးပြုဘူးသော စက်ဆုပ်ရွံရှာဘွယ်အမှုကို ဘော်ပြ၍၊ |
5. | အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆို ရမည်မှာ၊ ဣသရေလအမျိုး ငါရွေးကောက်၍၊ အဲဂုတ္တု ပြည်၌ သူတို့အား ထင်ရှားလျက်၊ ငါသည်သင်တို့၏ ဘုရား သခင် ထာဝရဘုရားဖြစ်သည်ဟု၊ ယာကုပ်အမျိုး သားတို့ အား ကျိန်ဆိုသည်ကာလ၊ |
6. | သူတို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင်၊ ပြည် တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့်ပျားရည် စီးသောပြည်၊ သူတို့အဘို့ငှါ ကြည့်ရှုသော ပြည်သို့ ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ၊ |
7. | သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာ ဘွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့်။ ငါသည်သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု ငါဆိုသော်လည်း၊ |
8. | သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီး သီးဖူးမြင်သော စက်ဆုပ်ရွံရှာဘွယ် အရာတို့ကို၎င်း၊ အဲဂုတ္တုရုပ်တုကို၎င်း၊ မစွန့်ပစ်ဘဲနေ ကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည် ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်ရှိန်ကို သွန်းလောင်းမည် ဟု ငါအကြံရှိ၏။ |
9. | သို့ရာတွင်၊ သူတို့နေသော တပါးအမျိုးသားတို့ ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက်စီရင်၍၊ တပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်လေ ၏။ |
10. | အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ တောသို့ ရောက် သောအခါ၊ |
11. | ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်း ဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ၏။ |
12. | ထိုမှတပါး၊ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှါ၊ ငါ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား၏။ |
13. | သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့် ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချ ကြ၏။ ထိုအခါ သူတို့ဖျက်ဆီးခြင်းငှါ၊ တော၌သူတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံ ရှိ၏။ |
14. | သို့ရာတွင်၊ ငါနှုတ်ဆောင်ခြင်းကျေးဇူးကို မြင် သော တပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက် စီရင် လေ၏။ |
15. | တဖန်၊ ပြည်တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့် ပျားရည်စီးသော ပြည်၊ သူတို့အားငါပေးသောပြည်သို့ မပို့ဆောင်ခြင်းငှါ၊ တော၌ ငါကျိန်ဆို၏။ |
16. | အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ |
17. | သို့သော်လည်း၊ ငါသည်သူတို့ကို နှမြောသော ကြောင့် မဖျက်ဆီး၊ တော၌ဆုံးရှုံးစေခြင်းငှါ မပြု။ |
18. | သားမြေးတို့အားလည်း၊ သင်တို့၏ ဘိုးဘေး စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့်။ သူတို့၏ ရုပ်တုများအားဖြင့် ကိုယ်ကိုမညစ်ညူးစေကြနှင့်။ |
19. | ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်၍ ကျင့်ကြံကြလော့။ |
20. | ငါ၏ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည် ဟု၊ သင်တို့သည်သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့်သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြ လော့ဟု ငါဆို၏။ |
21. | သို့သော်လည်း၊ သူတို့၏သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်၊ မကျင့်ကြံဘဲနေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူတို့၌ ဒေါသစိတ်ကို ပြေစေ ခြင်းငှါ၊ တောထဲမှာငါ၏ အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ၏။ |
22. | သို့ရာတွင်၊ ငါနှုတ်ဆောင်ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမ အသရေကို မပျက်စေခြင်းငှါ၊ ငါသည်နာမတော်အတွက် သည်းခံလျက်နေ၏။ |
23. | တဖန် ငါသည် သူတို့ကို အတိုင်းတိုင်း အပြည် ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှါ တော၌ ကျိန်ဆို၏။ |
24. | အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ |
25. | ထိုကြောင့်၊ မကောင်းသောစီရင်ချက်၊ အသက် မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။ |
26. | ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကိုဖျက်ဆီးခြင်းငှါ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူတို့ပူဇော် သက္ကာများအားဖြင့် ငါညစ်ညူးစေ၏။ |
27. | သို့ဖြစ်၍၊ အချင်းလူသား၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုအထပ်ထပ် ပြစ်မှား၍ ရှုတ်ချကြသည်တကား။ |
28. | သူတို့အား ပေးခြင်းငှါ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ ကိုကြည့်ရှု၍၊ ထိုအရပ်တို့ ၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သော အလှူဒါန ကိုတင်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ အရည်ပူဇော် သက္ကာသွန်းလောင်းခြင်းတို့ကို ပြုကြ၏။ |
29. | ငါကလည်း၊ သင်တို့သွားတတ်သော မြင့်ရာ အရပ်ကား၊ အဘယ်နည်းဟု မေးသော်လည်း၊ ယနေ့ တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာအမည် ဖြင့် သမုတ်ကြ၏။ |
30. | သို့ဖြစ်၍၊ သင်သည် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလအမျိုး၊ သင်တို့သည် ဘိုးဘေးတို့ ထုံးစံအတိုင်း ညစ်ညူးလျက်၊ သူတို့ပြုသောစက်ဆုပ်ရွံ ရှာဘွယ် အမှုတို့ကိုပြု၍ မှားယွင်းလျက်၊ |
31. | ပူဇော်သက္ကာပြုသဖြင့်၎င်း၊ ကိုယ်သားတို့ကို မီးဖြင့် ပူဇော်သဖြင့်၎င်း၊ ယနေ့တိုင်အောင် ရုပ်တု အပေါင်းတို့နှင့် ညစ်ညူးလျက်ရှိကြစဉ်တွင်၊ ငါသည် သင်တို့ မေးလျှောက်ခြင်းကို ခံရမည်လော။ ငါအသက် ရှင်သည်အတိုင်း သင်တို့မေးလျှောက်ခြင်းကို ငါမခံ။ |
32. | ငါတို့သည် တပါးအမျိုးသားကဲ့သို့၎င်း၊ သစ်သား ဘုရား၊ ကျောက်ဘုရားကိုဝတ်ပြုသော ပြည်သူပြည်သား များကဲ့သို့၎င်း ဖြစ်မည်ဟု၊ သင်တို့ ကြံစည်သည်အတိုင်း အကြံမမြောက်ရ။ |
33. | အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း အကယ်စင်စစ် အားကြီးသော လက်၊ ဆန့်သောလက်ရုံး၊ သွန်းလောင်းသောဒေါသအရှိန် အားဖြင့် သင်တို့ကို ငါအုပ်စိုးမည်။ |
34. | သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ၊ သင်တို့ အားကြီးသောလက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသောဒေါသအရှိန်နှင့် ငါဆောင် ခဲ့၍ စုဝေစေမည်။ |
35. | လူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင် ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကြပ်တရားတွေ့မည်။ |
36. | အဲဂုတ္တုပြည်နှင့်ဆိုင်သော တော၌သင်တို့၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရား တွေ့မည်။ |
37. | နှင်တံအောက်မှာ ရှောက်သွားစေ၍၊ ပဋိညာဉ် အချည်အနှောင်ကိုခံစေမည်။ |
38. | ငါ့ကိုပုန်ကန်၍ ပြစ်မှာသောသူတို့ကို သင်တို့ ထဲက နှုတ်ပယ်မည်။ သူတို့သည် တည်းနေသောပြည်မှ ထွက်သွားရသော်လည်း၊ ဣသရေလပြည်သို့ မဝင်ကြရ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည်။ |
39. | အိုဣသရေလအမျိုးသားတို့၊ အရှင်ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သွားကြလော့။ အသီး အသီးမိမိတို့ ရုပ်တုမျာကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တဖန်ငါ့စကားကို သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သက္ကာ များနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။ |
40. | အကြောင်းမူကား၊ ငါ၏သန့်ရှင်းသောတောင်၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလ အမျိုးသား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အား ဝတ်ပြုရကြလိမ့်မည်။ ငါသည်လည်း လက်ခံ၍၊ ထိုအရပ် ၌ သင်တို့ပြုသောပူဇော်သက္ကာများ၊ အဦးသီးသော အသီးတွင်ရွေး၍ဆက်ရသော အသီးအနှံများနှင့်တကွ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည်။ |
41. | သင်တို့သည် ကွဲပြားလျက်နေသော အတိုင်း တိုင်းအပြည်ပြည်တို့မှ ငါဆောင်ခဲ့၍ စုဝေးသောအခါ၊ သင်တို့၌ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ၊ သင်တို့ကို ငါသည်လက်ခံ၍၊ သင်တို့အားဖြင့်တပါးအမျိုး သားတို့ရှေ့မှာ ဂုဏ်အသရေထင်ရှားခြင်း ရှိလိမ့်မည်။ |
42. | သင်တို့၏ ဘိုးဘေးတို့အားပေးခြင်းငှါ၊ ကျိန်ဆို သော ဣသရေလပြည်သို့ သင်တို့ကို ဆောင်သွင်းသော အခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။ |
43. | သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှု ရှိသမျှတို့ကို ထိုပြည်၌ အောက်မေ့၍၊ ပြုမိသမျှသော ဒုစရိုက်တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။ |
44. | အိုဣသရေလအမျိုးသားတို့၊ သင်တို့၏ဒုစရိုက် များ၊ သင်တို့ ဆိုးညစ်သောအကျင့်များနှင့်အညီ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ်နာမတော်ကိုထောက်၍ စီရင် သောအခါ ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြ ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ |
45. | တဖန်ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ |
46. | အချင်းလူသား၊ တောင်ဘက်သို့ မျက်နှာ ပြုလျက်၊ တောင်မျက်နှာတဘက်၌မြွက်ဆို၍၊ တောင်ပြည် ၌ရှိသော တောတဘက်၌ဟောပြောလော့။ |
47. | အရှင်ထာဝရဘုရား၏ အမိန့်တော်ကို တောင် ပြည်၌ရှိသော တောအားဆင့်ဆိုရမည်မှာ၊ ငါသည် သင်၌ မီးကိုညှိမည်။ သင်၌ စိမ်းလန်းသောအပင်၊ သွေ့ခြောက် သောအပင်ရှိသမျှ လောင်လိမ့်မည်။ တောက်သော မီးလျှံသည်မငြိမ်းရ။ တောင်ဘက်မှသည် မြောက်ဘက်သို့ တိုင်အောင် မြေတပြင်လုံးလောင်လိမ့်မည်။ |
48. | ထိုမီးကို ငါထာဝရဘုရားညှိကြောင်းကို၊ သတ္တဝါ အပေါင်းတို့သည် သိရကြလိမ့်မည်။ ထိုမီးသည် မငြိမ်းရဟု မိန့်တော်မူ၏။ |
49. | ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ သူတို့က၊ ဤသူသည်ပုံပမာ ကိုသာဆောင်၍ ဟောပြောတတ်သည် မဟုတ်လောဟု၊ အကျွန်ုပ်ကို ရည်မှတ်၍ဆိုတတ်ကြပါ သည်ဟု လျှောက်လေ၏။ |
← Ezekiel (20/48) → |