← Ezekiel (17/48) → |
1. | တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ |
2. | အချင်းလူသား၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက်၍ ပုံပြောလျက်၊ |
3. | ထာဝရဘုရားမိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ ထူးခြားသော အဆင်းအရောင်၊ များပြား သော အမွေးနှင့်ပြည့်စုံ၍၊ ရှည်လျားကြီးမားသော အတောင်ရှိသောရွှေလင်းတကြီးသည် လေဗနုန်တောင် သို့လာ၍၊ အာရဇ်ပင်၏အဖျားကိုကိုင်လျက်၊ |
4. | အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌ စိုက်လေ၏။ |
5. | မျိုးစေ့ကိုလည်းယူ၍ ရေများရာလယ်ကွက်၌ ပျိုးလျက်၊ မိုဃ်းမခပင်ကဲ့သို့ ထားလေ၏။ |
6. | အရပ်နိမ့်လျက်ရှည်လျားစွာနွယ်သော စပျစ် နွယ်ပင်ပေါက်၍၊ မိမိ အခက်အလက်တို့ကို ရွှေလင်းတရှိရာ သို့ ညွှတ်လျက်၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့်၊ အကိုင်း အခက် အလက်အညွှန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင် ဖြစ်လေ၏။ |
7. | အမွေးထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတကောင်ရှိ၏။ စပျစ်ပင်သည်မိမိစိုက်ရာ ချောင်းမြောင်းနားမှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှါ သူရှိရာသို့အမြစ်သွယ်ဝိုက်၍ အကိုင်း လည်း ထိုးလေ၏။ |
8. | အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှါ ရေများရာ အရပ်၊ မြေကောင်းသောလယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။ |
9. | သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှါ အမြစ်ကို နှုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည်။ အမြစ်နှင့် တကွသုတ်သင်ပယ်ရှင်း ခြင်း အမှုကိုပြီးစေခြင်းငှါကြီးသော တန်ခိုး၊ များပြားသော အလုံးအရင်းကို အလိုမရှိ။ |
10. | စိုက်လျက်ရှိ၍ ကောင်းစားရာမည်လော။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော။ ကြီးပွါးသော လယ်ကွက်၌ ညှိုးနွမ်းရ လိမ့်မည်ဟု မိန့်တော်မူ၏။ |
11. | တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ |
12. | ပုန်ကန်တတ်သော အမျိုးအား သင်ပြောရ မည်မှာ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကို နားလည်ကြ သလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့်မှူးတော် မတ်တော် တို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားပြီ။ |
13. | ဆွေတော်မျိုးတော်ထဲက တယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။ |
14. | ထိုနိုင်ငံသည် ယုတ်ညံ့၍နောက်တဖန်မထမကြွ ဘဲ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာ တည်စေခြင်း ငှါ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ။ |
15. | သို့ရာတွင်၊ မြင်းများ၊ လူများတို့ကို တောင်းခြင်း ငှါ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေး လွတ်ရမည်လော။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။ |
16. | အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အကယ်စင်စစ် ရှင်ဘုရင် အရာ၌ ခန့်ထားသော ရှင်ဘုရင်၏သစ္စာကို မရိုမသေ ပြု၍ ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌သေရလိမ့်မည်။ |
17. | ဖာရောဘုရင်သည်လည်း လူများတို့ကို သတ် ခြင်းငှါ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူ့အဘို့စစ်တိုက်၍ မနိုင်ရာ။ |
18. | အကြောင်းမူကား၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်လျက်၊ ဤအမှုအလုံးစုံတို့ကို ပြုသော ကြောင့် ဘေးမှမလွတ်ရ။ |
19. | ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ၏သစ္စာကို မရိုမသေပြု၍ ငါ၏ပဋိညာဉ်ကို ဖျက်သောအပြစ် ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။ |
20. | ငါသည် ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့် ကျော့ပြီးလျှင်၊ ဗာဗုလုန်မြို့သို့ဆောင်သွားမည်။ ငါ့ကို ပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင် မည်။ |
21. | သူ့ထံမှပြေးသော သူများနှင့်သူရဲများအပေါင်း တို့သည် ထားဖြင့် ဆုံးခြင်းသို့ရောက်၍၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရ ဘုရားမိန့်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
22. | တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ မြင့်သော အာရဇ်ပင်၌ အမြင့်ဆုံးသော အညွန့် ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသော အညွန့်ကိုဆိတ်၍၊ မြင့်မြတ်သော တောင်ပေါ်မှာ ငါစိုက် ပျိုးမည်။ |
23. | အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါ စိုက်ပျိုးပြီးမှ၊ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကို သီးသဖြင့်၊ ကောင်းမွန်သော စပျစ်နွယ်ပင်ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌၎င်း၊ အခက်အလက်အရိပ်၌၎င်း၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည်။ |
24. | ငါထာဝရဘုရားသည်မြင့်သော အပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကိုချီးမြှောက်ကြောင်း၊ စိမ်းလန်းသော အပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော် ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။ |
← Ezekiel (17/48) → |