← Esther (8/10) → |
1. | ထိုနေ့ခြင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒ အမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါင်ဘော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ဝင်ရ၏။ |
2. | ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှ နှုတ်သော လက်စွပ်တော်ကို တဖန်ချွတ်၍ မော်ဒကဲအား ပေးတော် မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ် လေ၏။ |
3. | တဖန်ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း၌ ပြပ်ဝပ်၍၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ်၊ ယုဒ အမျိုးတဘက်၌ ကြံစည်သော အကြံအစည်ကို ပယ်တော် မူမည်အကြောင်း၊ မျက်ရည်ကျလျက် တောင်းပန်လေ၏။ |
4. | ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည် ထ၍ရှင်ဘုရင် ရှေ့တော်၌ ရပ်လျက်၊ |
5. | အရှင်မင်းကြီးအလိုတော်ရှိ၍၊ ကျွန်တော်မကို စိတ်နှင့်တွေ့တော်မူလျှင်၎င်း၊ ကျွန်တော်မအမှုသည် ရှေ့တော်၌ လျောက်ပတ်၍ ကိုယ်တော်သည် ကျွန်တော်မ ကိုလည်း ချစ်တော်မူလျှင်၎င်း၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း၊ ထပ်၍ စာရေးစေတော်မူပါ။ |
6. | ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကို၎င်း၊ ကျွန်တော်မအမျိုးသားချင်းပျက်စီးသော အမှုကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှါ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။ |
7. | ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို ဖိဖုရား ဧသတာအားငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။ |
8. | သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ် သော ရှင်ဘုရင် မိန့်တော်စာကို အဘယ်သူမျှ မပယ်ရ သည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။ |
9. | ထိုအခါ ဝိဝန်အမည်ရှိသော တတိယလနှစ် ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာ နှစ်ဆယ်ခုနစ်ပြည်တို့၌ ရှိသော ယုဒလူ၊ ကိုယ်စားတော် မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲမှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကားအသီး အသီးအားဖြင့်၊ |
10. | ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကိုရေး၍ ရှင်ဘုရင်လက် စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ၊ မြင်း၊ လား၊ ကုလားအုပ်၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက် လေ၏။ |
11. | အမိန့်တော်စာချက်ဟူမူကား၊ အာဒါအမည် ရှိသော ဒွါဒသမလ တဆယ်သုံးရက် တနေ့ခြင်းတွင်၊ |
12. | နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်အမြို့မြို့ ၌ရှိသော ယုဒလူတို့သည် စုဝေး၍၊ မိမိတို့အသက်ကို စောင့်ရသောအခွင့်၊ တိုက်လာသောပြည်သူ၊ စစ်သူရ အပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ်သုတ် သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူ သိမ်းရုံးရသောအခွင့် ကို ရှင်ဘုရင်ပေးတော်မူ၏။ |
13. | ဤရွေ့ကား၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှါ၊ အတိုင်းတိုင်း အပြည် ပြည်၌နေသော လူမျိုးအပေါင်းတို့အား ကြော်ရသော အမိန့်တော်စာချက်ဖြစ်သတည်း။ |
14. | ထိုအမိန့်တော်စာကို ရှုရှန်နန်းတော်၌ ကြော်ပြီး မှ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။ |
15. | မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသော အထည်ဖြင့် ပြီးသောဝတ်လုံကို ခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊ |
16. | ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏။ ယုဒလူတို့သည်လည်း၊ သက်သာရွှင်လန်း ၍ ဝမ်းမြောက်ခြင်း၊ အသရေထွန်းလင်းခြင်းသို့ ရောက် ကြ၏။ |
17. | ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက် ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင်းခြင်းကို ပြု၍၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံ သောကြောင့် ယုဒဘာသာကို ဝင်ကြ၏။ |
← Esther (8/10) → |