← Esther (3/10) → |
1. | ထိုနောက်မှ ရှင်ဘုရင်သည် အာရွှေရုသည် အာဂတ်အမျိုး၊ ဟမ္မေဒါသသားဟာမန်ကို ချီးမြှောက်၍၊ အထံတော်၌ရှိသော မှူးမတ်အပေါင်းတို့ထက် သာ၍ မြင့်မြတ်သော နေရာကို ပေးတော်မူ၏။ |
2. | နန်းတော်တံခါးသို့ရောက်သော ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်၊ အမိန့်တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချရှိခိုးကြ၏။ မော်ဒကဲမူကား ဦးမချ၊ ရှိမခိုး။ |
3. | နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင်၏ ကျွန်တို့က၊ သင်သည် ရှင်ဘုရင်အမိန့်တော်ကို အဘယ် ကြောင့် ငြင်းဆန်သနည်းဟု နေ့တိုင်း မော်ဒကဲအား မေးမြန်းသတိပေးသော်လည်း၊ |
4. | မော်ဒကဲက၊ ငါသည် ယုဒလူဖြစ်သည်ဟု ပြန် ပြော၍၊ သူတို့ စကားကို နားမထောင်သောကြောင့်၊ သူတို့ သည် မော်ဒကဲစကား တည်မည် မတည်မည်ကို သိလို သောငှါ၊ ဟာမန်အား ကြားပြောကြ၏။ |
5. | ထိုသို့ မော်ဒကဲသည် ဦးမချ၊ ရှိမခိုးဘဲ နေ ကြောင်းကို ဟာမန် သိမြင်သောအခါ၊ အလွန်အမျက် ထွက်၍၊ |
6. | သူတို့သည် မော်ဒကဲအမျိုးကို ဘော်ပြသော ကြောင့်၊ မော်ဒကဲတယောက်တည်းကို ကွပ်မျက်လျှင်၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲအမျိုးသားချင်းတည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ်၌ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ရှာကြံလေ၏။ |
7. | ထိုကြောင့် အာရွှေရုနန်းစံဆယ်နှစ်နှစ်၊ နိသန် အမည်ရှိသော ပဌမလတွင်၊ နေ့ရက်အစဉ်၊ လအစဉ် အတိုင်းလိုက်၍၊ အာဒါအမည် ရှိသော ဒွါဒသမလ တိုင်အောင်၊ ဟာမန်ရှေ့မှာ ပုရစာရေးတံချကြ၏။ |
8. | တဖန်ဟာမန်သည် ရှင်ဘုရင် အာရွှေရုထံတော် သို့ဝင်၍၊ အခြားတပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာ ထုံးတမ်းမတူ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူး တော်မရှိပါ။ |
9. | ကိုယ်တော် သဘောတူလျှင် ထိုအမျိုးကို ဖျက်ဆီးစေဟု အမိန့်ရှိတော်မူပါ။ ထိုအမှုကို ဆောင်ရွက် သော သူတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ ငွေအခွက် တသိန်းကို သွင်းစေခြင်းငှါ၊ ကျွန်တော်အပ်ပေးပါ မည်ဟု လျှောက်လေ၏။ |
10. | ရှင်ဘုရင်ကလည်း၊ ထိုငွေကို သင့်အားငါပေး၏။ |
11. | ထိုလူမျိုးကိုလည်း သင်သည် ပြုချင်သမျှ ပြုရသော အခွင့်ရှိစေခြင်းငှါ၊ သင်၌ငါအပ်သည်ဟု လက်စွပ်တော်ကိုချွတ်၍ ယုဒအမျိုး၏ ရန်သူဖြစ်သော အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်အားပေးတော်မူ ၏။ |
12. | ထိုအခါ ပဌမလတဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုး ပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်ကို စာရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။ |
13. | အာဒါအမည်ရှိသော ဒွါဒသမလတဆယ် သုံးရက် တနေ့ခြင်းတွင်၊ ယုဒလူအကြီးအငယ်မိန်းမ ကလေးရှိရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးစေခြင်းငှါ၊ အမိန့်တော် စာကို စာပို့လုလင်တို့ဖြင့် နိုင်ငံတော်အပြည်ပြည်သို့ ပေးလိုက် လေ၏။ |
14. | ဤရွေ့ကား၊ လူအမျိုးမျိုးတို့သည် ထိုနေ့ရက်တွင် အသင့်ရှိစေခြင်းငှါ၊ အတိုင်းတိုင်းအပြည်ပြည်၌ ကြော်ငြာရ သော အမိန့်တော် စာချက်ဖြစ်သတည်း။ |
15. | ရှုရှန်နန်းတော်၌ ထိုအမိန့်တော်စာကို ကြော်ငြာ ပြီးမှ၊ ရှင်ဘုရင် စီရင်သည်အတိုင်း၊ စာပို့လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။ ရှင်ဘုရင်နှင့် ဟာမန် သည် စပျစ်ရည် သောက်ပွဲ၌ထိုင်၍၊ ရှုရှန်မြို့တော်သည် ဆင်းရဲခြင်းသို့ ရောက်သတည်း။ |
← Esther (3/10) → |