← Ephesians (5/6) → |
1. | ထိုသို့သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူကျင့်ကြလော့။ |
2. | ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေ ခြင်းငှါ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။ |
3. | မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။ |
4. | မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ယယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။ |
5. | မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုင်ကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့ သိကြ၏။ |
6. | လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။ |
7. | ထိုကြောင့်သူတို့နှင့်ဆက်ဆံ၍ မကျင့်ကြနှင့်။ |
8. | အထက်ကာလ၌သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။ |
9. | အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ် သတည်း။ |
10. | သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။ |
11. | အကျိုးမဲ့သောမှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။ |
12. | အကြောင်းမူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသောအမှုအရာတို့ကို စကားပြောကာမျှ၌ ညစ်ညူးခြင်း ပါသေး၏။ |
13. | အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှတို့သည်လည်း အလင်းဖြစ်၏။ |
14. | ထိုကြောင့် အိပ်ပျော်သူနိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။ |
15. | ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့။ |
16. | ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။ |
17. | ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြင်း၍ သိသောသူ ဖြစ်ကြ လော့။ |
18. | လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့။ |
19. | ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။ |
20. | ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။ |
21. | ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့။ |
22. | အချင်းမိန်မတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ |
23. | အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျား သည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။ |
24. | အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်။ |
25. | အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ |
26. | ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊ |
27. | အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့အလို့ငှါ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။ |
28. | ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ |
29. | ကိုယ်အသားကို မုန်းသောသူတယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။ |
30. | အကယ်စင်စစ်ငါတို့သည် သခင်ဘုရား၏ သားတော်၊ အရိုးတော် တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။ |
31. | ထိုအကြောင်းအကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ |
32. | ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော် ကိုရည်မှတ်၍ဆိုသတည်း။ |
33. | သို့ရာတွင်သင်တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။ |
← Ephesians (5/6) → |