← Ephesians (3/6) → |
1. | ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ၏။ |
2. | သင်တို့အကျိုးကို ထောက်၍ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သာသနာကို သင်တို့ကြားသိရသည်နှင့်အညီ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ၏။ |
3. | ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိဏ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။ |
4. | ထိုစကားကိုဘတ်ရွတ်လျှင်၊ ခရစ်တော်၏ နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရ ကြမည်။ |
5. | ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ၊ အခြားသော ကာလတို့၌ လူမျိုးတို့အား ပြတော်မမူ။ |
6. | ထိုနက်နဲသောအရာဟူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊ တလုံးတဝတကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောဂတိတော်ကို ဆက်ဆံကြရသတည်း။ |
7. | တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟောပြောသောဆရာ၏ အဖြစ်သို့ ငါရောက်ရပြီ။ |
8. | စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊ |
9. | သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။ |
10. | အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊ |
11. | ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိကြရမည် အကြောင်းတည်း။ |
12. | ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ်နှင့်တိုးဝင်၍ အသနားတော်ခံရသော အခွင့်ကိုရကြပြီ။ |
13. | ထိုကြောင့် သင်တို့၏အသရေကို ပြုစု၍ သင်တို့အတွက်ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင်၊ ရွေ့လျော့သော စိတ်မရှိကြပါစေနှင့်။ |
14. | အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊ |
15. | ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။ |
16. | ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေ၍၊ |
17. | ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊ |
18. | သင်တို့သည်သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှါ၎င်း၊ |
19. | ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။ |
20. | ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊ |
21. | ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ |
← Ephesians (3/6) → |