← Ephesians (2/6) → |
1. | သင်တို့သည် အထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ၊ |
2. | ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိ နေသော သင်တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။ |
3. | ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှ သည်အထက်က ကိုယ်ကာယ၏အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။ |
4. | သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊ |
5. | ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။ |
6. | ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။ |
7. | အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း။ |
8. | ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ |
9. | ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။ |
10. | အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။ |
11. | ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ ပြုသော ဝေါဟာရ အရေဖျားလှီခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ၌ သင်တို့သည် အထက်က ပကတိအတိုင်းဖြစ်ကြသည်ကို၎င်း၊ |
12. | ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ကြလော့။ |
13. | သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။ |
14. | အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ |
15. | ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ် ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုး နှစ်စုတို့ကို တစုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊ |
16. | ကိုယ်တော်၌ထိုလူနှစ်စုတို့ကို လူသစ်တဦး တကိုယ်တည်းဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝ တည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊ လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။ |
17. | ထိုခရစ်တော်သည်လည်းကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အား၎င်း၊ နီးလျက်ရှိသောငါတို့အား၎င်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။ |
18. | ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်းဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြပြီ။ |
19. | ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။ |
20. | အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ |
21. | ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့်တတိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဘို့အလိုငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။ |
22. | ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။ |
← Ephesians (2/6) → |