← Daniel (6/12) → |
1. | ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေး အလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တရာနှစ်ဆယ်တို့ကို၎င်း၊ |
2. | အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံးပါးကို၎င်း အလိုတော်ရှိသည်အတိုင်း ခန့်ထား တော်မူ၏။ ထိုဝန်ကြီး သုံးပါးတွင်ဒံယေလသည် ဝန်ကြီး အရာကို ရသည်သာမက၊ |
3. | ထူးဆန်းသော ဉာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော် တနိုင်ငံလုံးကို သူ၌ အပ်နှင်းမည် ဟုရှင်ဘုရင်သည် အကြံရှိတော်မူ၏။ |
4. | ထိုအခါ ဝန်ကြီးနှင့်မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကို ရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ၍ အပြစ်တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော်၊ |
5. | ဘုရားသခင်၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကိုငါတို့ မတွေ့နိုင် ကြဟု တိုင်ပင်ပြောဆိုပြီးမှ၊ |
6. | အထံတော်သို့ လာရောက်စည်းဝေးကြ၍၊ အရှင် မင်းကြီးဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ |
7. | ကိုယ်တော်မြတ်မှတပါး အခြားသော လူကို ဖြစ်စေ၊ ဘုရားကို ဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သော တွင်း ထဲသို့ ချပစ်ရမည်ဟုမဖေါက်ပြန်နိုင်သော အမိန့်တော် မြတ်ကို ထုတ်စေခြင်းငှါ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။ |
8. | သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှါ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊ |
9. | ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။ |
10. | အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်း ပေါက်ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တနေ့ သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ |
11. | ထိုသို့ဘုရားသခင်ကို ဆုတောင်းပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး၍ တွေ့မြင်ကြလျှင်၊ |
12. | အထံတော်သို့ဝင်၍၊ အရှင်မင်းကြီး၊ ကိုယ်တော် မြတ်မှတပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသော သူမည် သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူလျပ် ရှိပါသည်မဟုတ် လောဟု အမိန့် တော်အကြောင်းကို မေးလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ၏။ |
13. | မှူးမတ်အရာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်ကသိမ်းယူ ခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တနေ့သုံးကြိမ်တိုင်အောင် ဆုတောင်း၍ နေပါသည်ဟု လျှောက်ထားကြ၏။ |
14. | ထိုစကားကို ကြားလျှင်၊ ရှင်ဘုရင်သည် အလွန် နောင်တရ၍ ဒံယေလကို လွှတ်ခြင်းငှါ စိတ်အားကြီး သဖြင့်၊ လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ ရှာတော်မူ၏။ |
15. | တဖန်မှူးမတ် အရာရှိတို့သည် အထံတော်သို့ စည်းဝေး၍၊ အရှင်မင်းကြီး၊ တခါထုတ်ပြီးသော အမိန့် တော်မပျက်နိုင်ရာဟု မေဒိ၊ ပေရသိဓမ္မသတ်၌ ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန် လျှင်၊ |
16. | တဖန် ရှင်ဘုရင်မိန့်တော်မူသည်အတိုင်း၊ ဒံယေလကိုခေါ်၍ ခြင်္သေ့တွင်းထဲသို့ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်မပြတ်ကိုးကွယ်သော ဘုရား သခင်သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ၏။ |
17. | ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကို ပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့ စေခြင်းငှါ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်တော်မူ၏။ |
18. | ထိုနောက်၊ ရှင်ဘုရင်သည် နန်းတော်သို့ ပြန်၍ တညဉ့်လုံး စားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော် သို့ မသွင်းစေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။ |
19. | နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင် အမြန် သွားတော်မူ၏။ |
20. | ရောက်လျှင်၊ ငိုကြွေးသော အသံနှင့် ဒံယေလကို ခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ ကျွန်ဒံယေလ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင် သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။ |
21. | ဒံယေလက၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ |
22. | အကျွန်ုပ်၏ ဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူ သဖြင့်၊ အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်းမူကား၊ ဘုရားသခင့်ရှေ့၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ် မှားပါဟု ပြန်လျှောက်လေ၏။ |
23. | ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည် အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင် ကို ယုံကြည်သောကြောင့် သူ၌ထိခိုက် သောအနာတခုမျှ မရှိ။ |
24. | ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏ အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မှီ ခြင်္သေ့တို့သည် နိုင်၍သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။ |
25. | ထိုအခါ မြေကြီးတပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချုပ်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ် ချမ်းသာခြင်း များပြားစေသော။ |
26. | ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နီုင်။ အာဏာ စက်တော်လည်း အစဉ်အဆက်တည်လိမ့်မည်။ |
27. | မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင်မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဩဘွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။ |
28. | ထိုသို့ဒံယေလသည်ဒါရိမင်းကြီး လက်ထက်၌၎င်း၊ ပေရသိ အမျိုးကုရုမင်းကြီး လက်ထက်၌၎င်း ကောင်းစားလျက်နေ၏။ |
← Daniel (6/12) → |