← Daniel (3/12) → |
1. | တရံရောအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမြင့် အတောင်ခြောက်ဆယ်၊ အနံခြောက်တောင် ရှိသော ရွှေရုပ်တုကို လုပ်ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရလွင်ပြင်၌ တည်ထားတော်မူ၍၊ |
2. | စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် မင်းကြီးတည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာခေါ်သောပွဲသို့ စုဝေးစေ ခြင်းငှါ အမိန့်တော်ရှိ၍၊ |
3. | စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် စုဝေးရောက်လာ၍၊ တည်ထား တော်မူသော ရုပ်တုရှေ့မှာ ရပ်နေကြ၏။ |
4. | ထိုအခါ သံတော်ဆင့်တယောက်က၊ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုး မျိုးတို့၊ |
5. | တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော အခါ၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားတော်မူသော ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ရကြမည်။ |
6. | မပြပ်ဝပ်မကိုးကွယ်ဘဲနေသောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်စေဟု အမိန့်တော်မြတ်ရှိသည်ဟု ဟစ်ကြော်၏။ |
7. | ထိုကြောင့်၊ လူအပေါင်းတို့သည် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုး မျိုးအပေါင်းတို့သည် ပြပ်ဝပ်၍၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ၏။ |
8. | ထိုအခါ၊ ခါလဒဲလူအချို့တို့သည် နေဗုခဒ်နေဇာ မင်းကြီးထံတော်သို့ ချဉ်းကပ်လျက်၊ |
9. | အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါ စေ။ |
10. | တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော သူရှိသမျှတို့သည် ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ရကြမည်။ |
11. | မပြပ်ဝပ်မကိုးကွယ်ဘဲ နေသောသူမည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ချပစ်စေဟု အမိန့် တော်မြတ်ရှိပါ၏။ |
12. | အရှင်မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံ တွင် ဝန်အရာ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါအမည်ရှိသော သူတို့ သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ ဘုရားတို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု၊ ယုဒလူတို့ကို အပြစ် တင်၍ လျှောက်ထားကြ၏။ |
13. | ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက်၍၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ခေါ်ချေဟုမိန့်တော်မူသည်အတိုင်း၊ သူတို့သည် အထံ တော်သို့ ရောက်လျှင်၊ |
14. | ဟယ်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ငါ၏ဘုရားတို့ကို ဝတ်မပြုလော။ ငါတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်လော။ |
15. | ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တုရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ ငါလုပ်သော ရွှေရုပ်တုကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါ အသင့်နေကြ။ သို့မဟုတ်လျှင်၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့်တော်မူ၏။ |
16. | ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည်အကြောင်းမရှိပါ။ |
17. | အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲကအကျွန်ုပ်တို့ကို ကယ်လွှတ် နိုင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။ |
18. | ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင် မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။ |
19. | ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက်သဖြင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကို ကြည့်ရှု၍ မျက်နှာတော်ပျက်လျက်၊ မီးဖိုကို အရင်ထက် ခုနစ်ဆတိုး၍ ပူစေခြင်းငှါ၎င်း၊ |
20. | ခွန်အားကြီးသော စစ်သူရဲတို့သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ်နှောင်၍၊ မီးလောင် လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေခြင်းငှါ၎င်း အမိန့်တော် ရှိသည်အတိုင်း၊ |
21. | ထိုသူသုံးယောက်တို့ကို ပေါင်းဘီ၊ အင်္ကျီ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွ တုပ်နှောင်၍၊ မီးလောင်လျက် ရှိသော မီးဖိုထဲသို့ ချပစ်ကြသောအခါ၊ |
22. | ရှင်ဘုရင်၏ အမိန့်တော်ကျပ်တည်း၍ မီးဖို သည် အလွန်ပူသောကြောင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒ နေဂေါတို့ကို ဆွဲချသော သူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ၏။ |
23. | ထိုသူသုံးယောက်တို့မူကား၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ ကျရောက်လေ၏။ |
24. | ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အံ့ဩ မိန်းမော၍ အလျင်တဆောထပြီးလျှင်၊ လူသုံးယောက် တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည် မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့က လည်း၊ မှန်ပါ၏ဘုရားဟု ပြန်လျှောက်ကြလျှင်၊ |
25. | ရှင်ဘုရင်က၊ လူလေးယောက်တို့သည် မတုပ် မနှောင်ဘဲ မီးထဲ၌သွားလာ၍ ဘေးဥပဒ်နှင့် ကင်းလွတ် သည်ကို ငါမြင်သည်တကား။ စတုတ္ထသူသည် ဘုရားသား ၏ အဆင်းသဏ္ဌာန်ရှိသည်ဟု မိန့်တော်မူ၍၊ |
26. | မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ် ပြီးလျှင်၊ အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ထွက်၍လာကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မီးထဲက ထွက်လာ ကြ၏။ |
27. | စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ အတွင်းဝန်တို့သည် ဝိုင်း၍မီးမလောင်နိုင်သော ထိုသူတို့ကို ကြည့်ရှုကြ၏။ သူတို့ဆံခြည်တပင်မျှ မမြိုက်၊ ဝတ်လုံလည်း ခြားနားခြင်း မရှိ၊ မီးလောင်သောအနံ့လည်းကင်းလွတ်၏။ |
28. | နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိတို့ဘုရားမှတပါး၊ အခြားသော ဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကို ဆန်လျက်၊ မိမိတို့ကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်း တို့ရှိရာသို့၊ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီ။ |
29. | ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍အသီးသီးအခြားခြား သော ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့တွင် တစုံတယောက်သောသူသည်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်အားပြစ်မှားသော စကားကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်းစဉ်းစေ။ သူ၏အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော် ရှိ၏။ အကြောင်းမူကား၊ ထိုမျှလောက်သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရားမျှ မပြုနိုင် ဟု မိန့်တော်မူပြီးမှ၊ |
30. | ဗာဗုလုန်နိုင်ငံတွင် ရှာဒရက်၊ မေရှက်၊ အဗေဒ နေဂေါတို့ကို ချီးမြှောက်တော်မူ၏။ |
← Daniel (3/12) → |