← Colossians (2/4) → |
1. | သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဘူးသောသူ ရှိသမျှတို့သည်။ |
2. | မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကို နားလည်နိုင်သော ဝိစိကိစ္ဆာနှင့် ကင်းစင်သော ဉာဏ်၏စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်ဟု သင်တို့သိစေခြင်းငှါ ငါအလိုရှိ၏။ |
3. | ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။ |
4. | အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှါ၊ ဤ စကားကို ငါပြောဆို၏။ |
5. | ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း၊ ခရစ်တော်၌ ခိုင်ခံ့စွာ ယုံကြည်သည် ကို၎င်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။ |
6. | ထို့ကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်း ရှိလျက်၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊ |
7. | ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။ |
8. | ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှါ သတိပြုကြလော့။ |
9. | အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။ |
10. | အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။ |
11. | ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိ ပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ် သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊ |
12. | ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေ တော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင် နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။ |
13. | ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌၎င်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ |
14. | ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။ |
15. | အထွဋ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။ |
16. | ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။ |
17. | ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။ |
18. | ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံးအချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင် သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌၎င်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌၎င်း မွေ့လျော် သောသူ တစုံတယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။ |
19. | ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့်၊ အားဖြည့်၍ ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကြီးပွါးတတ်၏။ |
20. | သင်တို့သည် ခရစ်တော်နှင့် အတူသေ၍၊ လောကီတရားနုမှ စုတေ့ကြသည်မှန်လျှင်၊ |
21. | မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ် ကြောင့် နားထောင်ကြသနည်း။ |
22. | လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်း အကြောင်းဖြစ်ကြ၏။ |
23. | ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင်၍၊ ပညာရှိယောင်ဆောင်ကြ၏။ |
← Colossians (2/4) → |