← Acts (20/28) → |
1. | ထိုရုန်ရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့သွား လေ၏။ |
2. | ထိုအရပ်များကိုရှောင်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။ |
3. | သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံ ကို ကြံသောကြောင့်၊ မာကေ ဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။ |
4. | ပေါလုနှင့်အတူအာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု၏သား သောပ တရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေ ကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သား၊ တုခိတ်နှင့် တရောဖိမ်တည်း။ |
5. | ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။ |
6. | အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့် လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ ရောက်၍ခုနစ်ရက် နေကြ၏။ |
7. | ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။ |
8. | စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။ |
9. | ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော် ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည်ချီ ကြွကြ၏။ |
10. | ပေါလုသည်လည်းအောက်သို့ ဆင်း၍သူ၏ အပေါ်သို့ကိုယ်ကို လှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ် သဲသဲ မပြုကြနှင့်။ သူသည် အသက်ရှိ၏ ဟုဆို၍ တက်ပြန် လေ၏။ |
11. | မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုဃ်းလင်းသည် တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား၏။ |
12. | အသက်ရှင်လျက်ရှိသောထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်းရှိကြ၏။ |
13. | ငါတို့သည် ပေါလုအရင်သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကို ခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။ |
14. | အဿုမြို့၌ သူသည်ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍ မိတုလင်မြို့သို့သွားကြ၏။ |
15. | ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာရှောက်သွား၍ နောက်တနေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တနေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။ |
16. | ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မှီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှါ ကြိုးစား သည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာ မနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်း လျက်ရှိနှင့်သတည်း။ |
17. | မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ်၍ သင်းအုပ်များကို ခေါ်လေ၏။ |
18. | သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ရောက်သော နေ့မှစ၍ ယခုတိုင် အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ၏။ |
19. | အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။ |
20. | သင်တို့အကျိုးတစုံတခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌၎င်း၊ အိမ်များ၌၎င်း၊ သင်တို့အားဟောပြော ၍ ဆုံးမဩဝါဒ ပေးသဖြင့်၊ |
21. | ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကို၎င်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့ သိကြ၏။ |
22. | ယခုမှာငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ၍၊ ယေရုရှလင်မြို့သို့သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကိုမသိ။ |
23. | သို့သော်လည်းချည်နှောင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု သန့်ရှင်းသော ဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌ ငါ့အား သက်သေခံတော်မူ၏။ |
24. | သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက် စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊ |
25. | ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာကို မမြင်ရကြဟုငါသိ၏။ |
26. | ထိုကြောင့်၊ လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ် သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ ၏။ |
27. | ဘုရားသခင်၏အလိုတော်ကိုသင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲ မရှောင်ဘဲပြုခဲ့ပြီ။ |
28. | ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။ |
29. | အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို၎င်း၊ |
30. | တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကို၎င်း ငါသိ၏။ |
31. | ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ် လုံးနေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြ လော့။ |
32. | ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူသင်တို့အား အမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။ |
33. | သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။ |
34. | ဤလက်တို့သည် ငါ့ကို၎င်း၊ ငါ့အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။ |
35. | ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကို၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊ |
36. | ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်း တို့နှင့်တကွ ဆုတောင်းလေ၏။ |
37. | ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏ လည်ပင်းကို ဘက်ယမ်းလျက် သူ့ကိုနမ်းကြ၏။ |
38. | နောက်တဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။ |
← Acts (20/28) → |