← Acts (14/28) → |
1. | ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက် တို့သည် ယုဒတရားစရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။ |
2. | မယုံကြည်သော ယုဒလူတို့သည် တပါးအမျိုး သားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှါ ချောစားကြ၏။ |
3. | ထိုကြောင့်ကြာမြင့်စွာနေ၍ သခင်ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်းဟောပြောလေ၏။ သခင် ဘုရားသည်လည်း ကျေးဇူးတရား တော်ဘက်၌ သက်သေ ခံတော်မူလျက်၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံဘွယ်သော အမှုတို့ကိုပြုနိုင်မည်အကြောင်း အခွင့် ပေးတော်မူ၏။ |
4. | ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ၍၊ အချို့တို့သည် ယုဒလူတို့ဘက်၌၎င်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌၎င်း နေကြ၏။ |
5. | မင်းအရာရှိတို့နှင့်ယုဒအမျိုးသား၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့် ပစ်မည်ဟုတဟုန်တည်း ပြေး လာကြသည်အကြောင်းကို၊ |
6. | တမန်တော်တို့သည်သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက်ပြေး၍၊ |
7. | ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြော ကြ၏။ |
8. | အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့်၊ တခါမျှ မသွားဘူးသော လူတယောက်သည် လုတ္တရမြို့၌ ထိုင် လျက်၊ |
9. | ပေါလုဟောပြောသည်ကို ကြားလေ၏။ ပေါလု သည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု၍ ရောဂါကင်း မည်အကြောင်း သူ၌ယုံကြည်ခြင်းရှိ သည်ကိုသိမြင်လျှင်၊ |
10. | ထ၍မတ်တတ်ရပ်လော့ဟု ကြီးသောအသံနှင့် ဆိုသဖြင့်၊ ထိုသူ သည်ရုတ်တရက်ထ၍ လှမ်းသွားလေ၏။ |
11. | ပေါလုပြုသောအမှုကိုမြင်သော လူအစုအဝေး တို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည် တကားဟု လုကောနိ ဘာသာ စကားအားဖြင့် အသံကိုလွှင့်၍ ဆိုကြ၏။ |
12. | ပေါလုသည်သာ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမဟူ၍ ၎င်း၊ ဗာနဗကိုဇုသဟူ၍၎င်း ခေါ်ဝေါ်ကြ၏။ |
13. | ထိုမြို့ရှေ့၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် နွားနှင့် ပန်းတုံးကို မြို့တံခါးနားသို့ယူခဲ့၍၊ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို၊ |
14. | တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သိတင်းကြားလျှင်၊ မိမိတို့ အဝတ်ကို ဆုတ်၍ လူစုထဲသို့ ပြေးဝင် လျက်၊ |
15. | အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြောကြ၏။ |
16. | ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့ အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။ |
17. | သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ဝမ်းမြောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်မှ မိုဃ်းရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသော အားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။ |
18. | ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသော အမှုကိုမြစ်တားလေ၏။ |
19. | ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှ လာကြ၍ လူအစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ၏။ |
20. | တပည့်တော်တို့သည် ဝန်းရံ၍နေကြစဉ်၊ ပေါလုသည် ထ၍မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင့် တကွဒေရဗေမြို့သို့ ထွက်သွားလေ၏။ |
21. | ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန်ကြ၏။ |
22. | ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီးပင့်၍၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။ |
23. | အသင်းတော်များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက်ဆုတောင်းပဌနာ ပြုပြီး လျှင်၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။ |
24. | ပိသိဒိပြည်တပြည်လုံးကို ရှောက်သွား၍ ပံဖုလိပြည်သို့ ရောက်လျှင်၊ |
25. | ပေရဂေမြို့၌ နှုတ်ကပတ် တရားတော်ကို ဟောပြော၍ အတ္တလိမြို့သို့သွားကြပြန်၏။ |
26. | ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ၏။ |
27. | ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှ တို့ကို၎င်း၊ ယုံကြည်ခြင်း တံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို၎င်း ပြန်ကြား ကြ၏။ |
28. | ထိုမြို့၌လည်း၊ တပည့်တော်တို့နှင့်အတူ ကြာမြင့်စွာ နေကြ၏။ |
← Acts (14/28) → |