← Acts (11/28) → |
1. | တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ် ကိုများတို့သည် ကြားသိကြ၏။ |
2. | ပေတရုသည် ယေရုရှလင်မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊ |
3. | သင်သည် အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့် ပေါင်းဘော် ၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။ |
4. | ပေတရုသည်လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင် အောင် ဘော်ပြသည်ကား၊ |
5. | ငါသည်ယုပွေမြို့၌ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာသည် ဆင်းသက်၍၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။ |
6. | ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ ကျင်လည်သောသားမျိုး၊ တွားတတ် သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင်၏။ |
7. | ထိုအခါ၊ ပေတရု၊ ထ၍ သတ်စားလော့ဟု ငါ့အားပြောသော စကားသံကိုလည်း ငါကြား၏။ |
8. | ငါကလည်းမဖြစ်နိုင်ပါသခင်။ ညစ်ညူးသော အရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲ သို့တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို၏။ |
9. | နောက်တဖန် စကားသံကား၊ ဘုရားသခင်စင် ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန်၏။ |
10. | ထိုသို့သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ဆွဲယူပြန်လေ၏။ |
11. | ထိုခဏခြင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ် သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။ |
12. | ငါသည်တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်းဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကို ခြောက်ယောက်တို့သည်လည်း ငါနှင့် အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။ |
13. | ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှား စွာရပ်လျက်၊ သင်သည်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။ |
14. | ထိုပေတရုသည် သင်မှစ၍ သင်၏ အိမ်၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်း တရားစကား ကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြား လေ၏။ |
15. | ငါသည်ဟောပြောစပြုစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက် ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။ |
16. | ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့် မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။ |
17. | သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည် နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည်အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို၏။ |
18. | ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ် ဘုရား သခင်သည် အသက်ရှင်စေခြင်းအလိုငှါ၊ နောင်တ တရားကို တပါးအမျိုးသားတို့အားလည်းပေးတော်မူပြီဟု ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ |
19. | ထိုမှတပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ |
20. | နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။ |
21. | သခင်ဘုရား၏လက်ထောက်တော်သည် လူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။ |
22. | ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော် သည်ကြားလျှင်၊ အန္တိအုတ်မြို့တိုင် အောင် သွားစေမည်အကြောင်း ဗာနဗ ကိုစေလွှတ်လေ၏။ |
23. | ထိုသူသည် ရောက်၍ ဘုရားသခင်၏ ကျေးဇူး တော်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်း နှိုးဆော်လေ၏။ |
24. | ထိုသူသည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ယုံကြည်ခြင်းနှင့်၎င်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။ |
25. | ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား၏။ တွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ |
26. | ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒ ပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။ |
27. | ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ သို့လာကြ၏။ |
28. | ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူ တယောက်သည်ထ၍၊ မြေတပြင်လုံး၌ အစာ အာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့် ဘော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက်၌ဖြစ်သတည်း။ |
29. | ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကို တို့အား အကူအမပေးလိုက် မည်ဟု၊ |
30. | စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ ထံသို့ပေးလိုက်ကြ၏။ |
← Acts (11/28) → |