← 2Timothy (3/4) → |
1. | နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ |
2. | လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ |
3. | ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊ |
4. | သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ |
5. | မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။ |
6. | ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာ သို့လိုက်၍၊ အစဉ်သင်သော်လည်း၊ |
7. | သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။ |
8. | ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူဖြစ်ကြ၏။ |
9. | ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍မလွန်မသွားရကြ။ |
10. | ငါဆုံးမဩဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို၎င်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကို၎င်း၊ သင်သည် ရှာဖွေနားလည်ရပြီ။ |
11. | ထိုသို့သော အမှုတို့ကို ငါတွေ့ရသော် လည်း၊ တွေ့သမျှဘို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ။ |
12. | ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှါအလိုရှိသောသူ အပေါင်း တို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။ |
13. | ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား၍ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွါးကြလိမ့်မည်။ |
14. | သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ |
15. | ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ် သောအရွယ်မှစ၍ လေ့ကျက် သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။ |
16. | ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ |
17. | ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။ |
← 2Timothy (3/4) → |