← 2Kings (6/25) → |
1. | ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသော အရပ်သည် ကျဉ်းမြောင်းပါ၏။ |
2. | အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါ ရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေစရာဘို့ လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်း လျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။ |
3. | အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော် ကျွန် တို့နှင့် ကြွတော်မူပါဟု တောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊ |
4. | သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နား သို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။ |
5. | တယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှါးခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ် လျှင်၊ |
6. | ဘုရားသခင်၏လူက၊ အဘယ်မှာ ကျသနည်းဟု မေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ ဒုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။ |
7. | ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့် သည် လက်ကို ဆန့်၍ ဆယ်ယူ၏။ |
8. | တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြ ကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊ |
9. | ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင် ထံသို့ လူကိုစေလွှတ်၍၊ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊ |
10. | သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင် သည် လူကိုစေလွှတ်၍ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။ |
11. | ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ် ပူပန်၍ ကျွန်တို့ကို ခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူ သည် ဣသရေလရှင်ဘုရင်ဘက်၌ နေသည်ကို ငါ့အား မပြဘဲနေကြသနည်းဟုမေးသော်၊ |
12. | ကျွန်တယောက်က၊ ထိုသို့မဟုတ်ပါ အရှင် မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသော စကားကိုပင်၊ ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲ သည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည် ဟု လျှောက်လေ၏။ |
13. | ရှင်ဘုရင်ကလည်း၊ သူသည်အဘယ်အရပ်၌ ရှိသည်ကို သွား၍ ချောင်းကြည့်လော့။ သူ့ကို ဘမ်းဆီး စေခြင်းငှါ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့ ၌ ရှိပါသည်ဟု လျှောက်လေ၏။ |
14. | ထိုမြို့သို့မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများ ကို စေလွှတ်သဖြင့်၊ ညဉ့်အခါရောက်၍ မြို့ကိုဝိုင်းကြ၏။ |
15. | နံနက် စောစောဘုရားသခင့်လူ၏ ကျွန်သည် ထ၍ ပြင်သို့ ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အား ဆို၏။ |
16. | ဧလိရှဲကမစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသော သူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက်သာ၍ များကြသည်ဟု ဆိုလျက်၊ |
17. | အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း၊၊ ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံး သည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။ |
18. | ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရ ဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှါ၊ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ် တော်မူ၏။ |
19. | ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်း မဟုတ်။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟု ဆိုလျက်ရှမာရိမြို့သို့ ပို့လေ၏။ |
20. | မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏ မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိ ကို ဖွင့်တော်မူသဖြင့်၊ သူတို့သည် မြင်၍ ရှမာရိ မြို့ထဲမှာ ရှိသည်ဟု သိကြ၏။ |
21. | ဣသရေလရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကိုထားနှင့် သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင်၊ |
22. | မသတ်ပါနှင့်။ ထားနှင့်ခုတ်လျက်၊ လေးနှင့် ပစ်လျက်စစ်တိုက်၍ ဘမ်းမိသောသူတို့ကို သတ်ရမည် လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့် ၍သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေဟု ဆိုလျှင်၊ |
23. | များစွာသော စားစရာကို ပြင်ဆင်၍ စား သောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့ သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့ မလာကြ။ |
24. | နောက်တဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။ |
25. | ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတလုံးကို ငွေ ရှစ်ဆယ်နှင့်၎င်း၊ ပဲကြမ်းတပြည်ကို ငွေငါးကျပ်နှင့်၎င်း ရောင်းရ၏။ |
26. | ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ်၊ မိန်းမတယောက်ကအရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။ |
27. | ရှင်ဘုရင်က၊ ထာဝရဘုရားကယ်မတော်မမူ လျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ကယ်မနိုင်မည်လောဟူ၍၎င်း၊ |
28. | သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍၎င်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည်ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊ |
29. | ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဘို့ အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။ |
30. | ရှင်ဘုရင်သည် ထိုမိန်းမ၏စကားကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာ ရှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏။ |
31. | ရှင်ဘုရင်ကလည်း၊ ရှာဖတ်သားဧလိရှဲ၏ ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင်၊ ထာဝရဘုရားသည် ထိုမျှမက၊ ငါ၌ပြုတော်မူပါစေသော ဟု ဆို၏။ |
32. | ဧလိရှဲသည် မိမိအိမ်၌ထိုင်၍ အသက်ကြီးသူတို့ သည် သူနှင့်အတူ ထိုင်ကြစဉ်၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတယောက်ကို စေလွှတ်၏။ ထိုတမန်မရောက်မှီ ဧလိရှဲက၊ လူသတ်၏သားသည် ငါ့လည်ပင်းကို ဖြတ်စေ ခြင်းငှါ၊ စေလွှတ်သည်ကို သိမြင်ကြသလော။ ထိုတမန် ရောက်သောအခါ၊ တံခါးကိုပိတ်၍၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့။ သူ့နောက်မှာသူ့သခင် ခြေသံမမြည် သလောဟု၊ |
33. | အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန် သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင် ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ်၏။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မြော်လင့် ရသေးသနည်းဟုဆိုသော်၊ |
← 2Kings (6/25) → |