← 2Kings (3/25) → |
1. | ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံဆယ်ရှစ်နှစ် တွင်၊ အာဟပ်သား ယောရံသည်ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။ |
2. | ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၏။ သို့ရာတွင် မိဘကဲ့သို့မပြု။ ခမည်းတော်လုပ် သော ဗာလရုပ်တုကို ပယ်ရှား၏။ |
3. | သို့သော်လည်း ဣသရေလအမျိုးကို ပြစ်မှားစေ သော နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက် အပြစ်ကို မရှောင်မှီဝဲ၏။ |
4. | မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီး ဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တသိန်းနှင့် အမွေး ပါသော သိုးထီးတသိန်းကို ဆက်ရ၏။ |
5. | အာဟပ်သေသောအခါ၊ မောဘမင်းကြီးသည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။ |
6. | ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲက ထွက်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို စာရင်း ယူ၏။ |
7. | ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ် ၍၊ မောဘမင်း ကြီးသည် ငါ့ကိုပုန်ကန်ပြီ။ မောဘပြည်ကို စစ်တိုက်ခြင်းငှါ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင်၊ ယောရှဖတ်က ငါလိုက်မည်။ ငါသည် မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့သို့၎င်း ဖြစ်ကြသည်ဟု ပြန်ပြော၏။ |
8. | အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟုမေးသော်၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟုပြန်ပြော၏။ |
9. | ထိုသို့ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံ ရှင်ဘုရင်တို့သည် ဝိုင်း၍ခုနှစ်ရက် ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသော တိရစ္ဆာန် များသောက်စရာ ရေမရှိ။ |
10. | ဣသရေလရှင်ဘုရင်က၊ ခက်လှပြီ။ ထာဝရ ဘုရားသည် ဤရှင် ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆို၏။ |
11. | ယောရှဖတ်ကလည်း၊ ထာဝရဘုရား၌ မေး လျှောက်မည်အကြောင်း၊ ထာဝရဘုရား၏ ပရောဖက် တယောက်မျှမရှိသလောဟုမေးလျှင်၊ ဣသရေလ ရှင်ဘုရင်၏ ကျွန်တယောက်က၊ ဧလိယလက်ထောက် ရှာဖတ်သားဧလိရှဲရှိပါ၏ဟု လျှောက်သော်၊ |
12. | ယောရှဖတ်က၊ ထာဝရဘုရား၏နှုတ်ကပတ် တော်သည် သူ၌ရှိတော်မူသည်ဟုဆိုလျက်၊ ရှင်ဘုရင် သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။ |
13. | ဧလိရှဲသည် ဣသရေလရှင်ဘုရင်အားလည်း၊ ငါသည်သင်နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့်အဘ၏ ပရောဖက်၊ သင့်အမိ၏ ပရောဖက်တို့ထံသို့ သွားလော့ဟု ဆိုလျှင်၊ ဣသရေလရှင်ဘုရင်က၊ မဆိုပါနှင့်။ ထာဝရ ဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့ အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆိုသော်၊ |
14. | ဧလိရှဲက၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း၊ အကယ်၍ ယုဒရှင်ဘုရင်ယောရှဖတ်၏ မျက်နှာ ကို ငါမထောက်လျှင်၊ သင့်ကို ငါမကြည့်မမြင်လို။ |
15. | စောင်းသမားကို ခေါ်ခဲ့ဟုဆို၍ စောင်းသမား သည် တီးသော အခါ၊ ထာဝရဘုရား၏ လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက်၍၊ |
16. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤချိုင့်ပတ် လည်၌ ဆယ်ပေါင်းတို့ကို လုပ်ကြလော့။ |
17. | အကြောင်းမူကား၊ သင်တို့နှင့်တိရစ္ဆာန်တို့သည် သောက်စရာဘို့ လေမလာ၊ မိုဃ်းမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည်။ |
18. | ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ သာမည အမှုဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။ |
19. | သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည်။ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည်။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည်။ ကောင်း သော မြေကွက် ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။ |
20. | နံနက်အချိန် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော် သောအခါ၊ ရေသည် ဧဒုံလမ်းဖြင့်လာ၍ တပြည်လုံးကို လွှမ်းလေ၏။ |
21. | ရှင်ဘုရင်တို့သည် စစ်ချီ၍ လာကြောင်းကို မောဘပြည်သားအပေါင်းတို့သည် ကြားသောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ၍၊ ပြည်စွန်းနားမှာ တပ်ချကြ၏။ |
22. | နံနက်စောစောထသောအခါ၊ ရေပေါ်မှာ နေရောင်ထင်၍၊ ပြည် တဘက်၌ ရေသည်အသွေးကဲ့သို့ နီသည်ကို မောဘပြည်သားတို့သည် မြင်ကြလျှင်၊ |
23. | အသွေးဖြစ်၏။ စင်စစ်ရှင်ဘုရင်တို့သည် တယောက်ကိုတယောက်လုပ်ကြံ၍ သေကြပြီ။ သို့ဖြစ်၍ မောဘပြည်သားတို့၊ လုယူကြလော့ဟု ဆိုကြ၏။ |
24. | ဣသရေလတပ်သို့ ရောက်သောအခါ၊ ဣသ ရေလလူတို့သည် ထ၍ မောဘပြည်သားတို့ကို လိုက် သဖြင့် သူတို့သည် ပြေးကြ၏။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့တိုင်အောင် လိုက်၍ လုပ်ကြံကြ၏။ |
25. | မြို့တို့ကိုဖြိုဖျက်ကြ၏။ ကောင်းသော မြေကွက် ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲ ပစ်ချ၍ ဖုံးလွှမ်းကြ၏။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့ ၍၊ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ၏။ ကိရဟရက်မြို့၌သာ မြို့ရိုးကို ချန်ထားရာတွင်၊လောက်လွှဲ သမားတို့သည် ဝိုင်း၍ ပစ်ကြ၏။ |
26. | မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကို သိသောအခါ၊ ထားကိုင်သောသူခုနစ်ရာကို ခေါ်၍ ဧဒုံရှင်ဘုရင်၏ တပ်ကိုဖျက်မည်ဟု အားထုတ်သော် လည်း မဖျက်နိုင်။ |
27. | နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သော သားဦးကို ယူ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ၏။ ဣသရေလအမျိုးသားတို့သည် သူတပါးအမျက်ထွက်ခြင်း ကို ခံရသောကြောင့်၊ ထိုပြည်ကို ထား၍ ကိုယ်ပြည်သို့ ပြန်သွားကြ၏။ |
← 2Kings (3/25) → |