← 2Kings (2/25) → |
1. | ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။ |
2. | ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ သည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလမြို့သို့သွားကြ၏။ |
3. | ထိုမြို့၌ရှိသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါထွက်လာ၍၊ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟုပြောဆို၏။ |
4. | ဧလိယကလည်း၊ အိုဧလိရှဲ၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြော လျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ ၏။ |
5. | ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင် ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟုမေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။ |
6. | ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော် မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် နှင့်အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူ နှစ်ယောက်တို့သည် အတူသွားကြ၏။ |
7. | ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့ သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။ |
8. | ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍ ၊ ထိုသူ နှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ၏။ |
9. | မြစ်တဘက်သို့ ရောက်သောအခါ ၊ ဧလိယက၊ သင်နှင့်ငါမကွာမှီ ငါ၌တစုံတခုသော ဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆ သောအဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊ |
10. | ဧလိယကသင်သည်ရခဲသောဆုကို တောင်း၏ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။ |
11. | ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။ |
12. | ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ် သော်လည်း၊ နောက်တဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကို ကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။ |
13. | အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာ ရပ်၍၊ |
14. | ရေကို ဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ၍ တဖန် ရိုက်သောအခါ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။ |
15. | ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ၏ ဝိညာဉ် သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါသွား၍ သူ့ရှေ့၌ မြေပေါ်မှာ ပြပ်ဝပ်ကြ၏။ |
16. | သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏ သခင်ကိုရှာမည်အကြောင်း၊ အခွင့် ပေးတော်မူပါ။ ထာဝရဘုရား၏ ဝိညာဉ်တော်သည်သူ့ကို ချီယူ၍ တစုံတခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင်၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော် လည်း၊ |
17. | သူတို့သည် ဧလိရှဲ စိတ်အားလျော့သည် တိုင်အောင် အလွန်တောင်းပန်သောအခါ၊ စေလွှတ်ကြဟု ဆို၏။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့်၊ သုံးရက် ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။ |
18. | ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည် ဖြစ်၍၊ လူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်ဟု ငါမြစ်ထားသည် မဟုတ်လောဟု ဆို၏။ |
19. | ထိုမြို့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာ အရပ်သည်သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်းကိုယ်ဝန်ပျက်စေတတ် ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင်၊ |
20. | ဧလိရှဲက၊ ဘူးသစ်တလုံးကို ဆားထည့်၍ ယူခဲ့ ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။ |
21. | ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ် လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊ |
22. | ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေ သည် ယနေ့တိုင်အောင် ချိုလေ၏။ |
23. | ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်ပျိုတို့သည် မြို့ထဲကထွက်၍၊ ဟေဦးပြည်း၊ တက်ဦး လော့။ ဟေဦးပြည်း၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။ |
24. | ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏ အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။ |
25. | ထိုမြို့မှ ကရမေလတောင်သို့၎င်း၊ ထိုတောင်မှ ရှမာရိမြို့သို့၎င်း အစဉ်အတိုင်းသွား၏။ |
← 2Kings (2/25) → |