← 2Corinthians (3/13) → |
1. | ငါတို့သည် တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြ သလော။ သို့မဟုတ်ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတပါးပေးစေခြင်းငှါ၎င်း၊ သင်တို့သည်သူတပါးထံသို့ ပေးစေခြင်းငှါ၎င်း၊ ငါတို့သည်အချို့သောသူကဲ့သို့ အလိုရှိကြသလော။ |
2. | သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဘတ်တတ်သောငါတို့ စာပင်ဖြစ်ကြသတည်း။ |
3. | အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မှင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ရေး၍၎င်း၊ ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့်ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၎င်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။ |
4. | ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ထိုသို့သော ယုံမှတ်စွဲလမ်းခြင်းရှိ၏။ |
5. | သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုအမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊ |
6. | ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော် မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။ |
7. | ထိုမှတပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သောရောင်ခြည် ကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသောသေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊ |
8. | ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။ |
9. | အပြစ်စီရင်တတ်သောတရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရား သည် ဘုန်းအာနုဘော်နှင့် သာ၍ ကြွယ်ဝပြည့်စုံလိမ့်မည်။ |
10. | နောက်ဖြစ်သော ဘုန်းသည် အလွန်မြတ်သောကြောင့်၊ ဘုန်းရှိဘူးသော အရာသည် ဘုန်းကွယ်လျက် ရှိ၏။ |
11. | ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင်၊ တည်နေသောအရာသည်သာ၍ ဘုန်းရှိလိမ့်မည်။ |
12. | ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် တိမ်ဝှက်ခြင်း အလျှင်းမရှိ။ အတည်အလင်း ဟောပြောကြ၏။ |
13. | ပယ်ရှင်းသောအရာ၏အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ မောရှ သည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။ |
14. | သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် စမ္မကျမ်းစာကို ဘတ်ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ၏။ |
15. | ယခုတိုင်အောင်လည်း၊ မောရှ၏ကျမ်းစာကို ဘတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ သေး၏။ |
16. | သို့သော်လည်း သခင်ဘုရားထံတော်သို့ ပြောင်းလဲသောအခါ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်း လိမ့်မည်။ |
17. | သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။ |
18. | ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည့်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွါး၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။ |
← 2Corinthians (3/13) → |